တိုက်ပွဲကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် နေထိုင်သူမရှိသည့် ဝိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာတွင် နေအိမ်မီးလောင်မှု မကြာခဏဖြစ်ပွားနေသောကြောင့် ဒေသခံပြည်သူအချို့က နေရပ်ပြန်ကာ ကျေးရွာလုံခြုံရေးအတွက် လုပ်ဆောင်နေရကြောင်း သိရသည်။

ရွှေညောင်ပင်ကျေးရွာ၊ ရပ်ကွက် (၄) တွင် နေအိမ်မီးလောင်မှုနှင့် ပစ္စည်းခိုးခံရမှုများရှိနေသောကြောင့် ကျေးရွာအတွင်း လုံခြုံမှုမရှိသော်လည်း ဒေသခံပြည်သူများက ညအိပ်ကင်းစောင့်နေရသည်ဟု ကျေးရွာစစ်ရှောင်တာဝန်ခံတစ်ဦးက The 74 Media ကို ပြောသည်။

“ရွာထဲမှာ လူမရှိတဲ့အိမ်တွေမီးလောင်တာမျိုး၊ ပစ္စည်းခိုးခံရတာမျိုးတွေ အရမ်းများလာတော့ ရွာသားတွေက လုံခြုံမှုမရှိပေမဲ့ နေ့ခင်းပိုင်းမှာသွားကြည့်၊ သွားစောင့်ပြီးပြန်လာကြတာတွေလည်းရှိသလို့ တချို့တော့ ညစောင့်အိပ်ကြတယ်။ တစ်အိမ်တစ်ယောက်တော့မအိပ်ဘူး စုပြီးအိပ်ကြတာပါ။ အန္တရာယ်ကအမျိုးအမျိုးရှိ နေတော့” ဟုပြောသည်။

ဒေသခံပြည်သူများက ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ အောင်မြေ (၁) ကျေးရွာသို့ စစ်ဘေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။

စစ်ဘေးတိမ်းရှောင်နေချိန်အတွင်း မီတာဘောက်နှင့် လျှပ်စစ်မီးကြိုးများခိုးယူခံထားရသည့် နေအိမ်နှစ်လုံး မီးလောင်ပြာကျခဲ့ခြင်းသည်ဟု ဒေသခံ အမျိုးသားတစ်ဦးကပြောသည်။

“လူမရှိတဲ့အချိန်လောင်တာဆိုတော့ ကျွန်တော်တို့အထင်တော့ ရှို့ခံရတယ်လို့ထင်တာပဲ။ လျှပ်စစ်‌ရှော့ခ်ဖြစ်တာလည်း မဖြစ်နိုင်ဘူး ဘာဖြစ်လို့လည်းဆိုတော့ အဲ့အိမ်က မီးတာဘောက်ခိုးခံရလို့ မီးကြိုးတွေပါဖြတ်ခံထားရတဲ့ အိမ်ပါ” ဟုပြောသည်။

အဆိုပါဖြစ်စဉ်မှာ စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ရွှေမင်းပြည်သူ့စစ်များက ဒေသခံပြည်သူများကို ကျေးရွာအတွင်းပြန်လည်နေထိုင်စေလိုကြောင်း ပြောပြီးနောက်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ကို လူမနေတာကြာရင် သူခိုးတွေကြောင့်ကုန်လိမ့်မယ်ဆိုပြီးခေါ်ဖူးတယ်။ တချို့အိမ်ပြန်တဲ့အချိန်မှာ သူတို့ဘက်က အရပ်သားတွေကြား ဝင်ရောနေတာတွေ၊ ရွာသားတွေရဲ့ ခြံဝင်းထဲမှာ ကတုတ်ကျင်းတူးပြီး လာနေတာတွေလုပ်ကြတယ်။ အဲ့ဒါတွေကိုပြန်ကြည့်ရင်တော့ ရွာသားတွေကို ကာဗာလုပ်ချင်တဲ့သဘော သက်ရောက်နေတယ်” ဟု ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရွှေမင်းပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ရွှေညောင်ပင်ကျေးရွာရှိ နေအိမ်ခြံဝင်သုံးခုတွင် ကတုတ်ကျင်းများတူးကာ ဝင်ရောက်နေထိုင်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

ဝိုင်းမော်မြို့နယ်၊ မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း ကဇူးကျေးရွာသို့ဝင်ရောက်လာသည့် လက်နက်၊ ရိက္ခာများတင်ဆောင်လာသည့် ကားလေးစီနှင့် အင်အား ၄၅၀ ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းကို KIA က ဂါးရာယန်ကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သတင်း – Zami

သင့်ထင်မြင်ချက်ရေးပေးပါ