စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ခြုံခိုတိုက်ခိုက်ခံရသောကြောင့် ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) ဒုစစ်ဦးစီးချုပ်အပါအဝင် ရဲဘော် ၃ ဦး ယမန်နေ့က ကျဆုံးခဲ့ကြောင်း သိရသည်။

အောင်သာယာကျေးရွာအနီးတွင် ယမန်နေ့ နံနက်ပိုင်းက ခြုံခိုတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ဒုစစ်ဦးစီးချုပ်ဂျော်ရှူဝါ အပါအဝင် ရဲဘော် ၃ ဦး၏ ရုပ်အလောင်းကို မရရှိသေးကြောင်း CNO/CNDF စစ်ရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက The 74 Media ကိုပြောသည်။

“ဒုစစ်ဦးစီးချုပ် VCS နဲ့ နှစ်ယောက်ကတော့ အဲဒီနားမှာရှိတဲ့ တပ်ရင်းတစ်ခု ရဲဘော်တွေဆီသွားရောက်ပြီးတော့ မနေ့က ပြန်လာတဲ့အချိန် မနက်ပိုင်းမှာ သတင်းပေါက်သွားတယ်နဲ့တူပါတယ်။ အောင်သာယာကျေးရွာမှာ သူတို့ဝိုင်းခံရပြီးတော့ ပစ်သတ်ခံရတယ်ပေါ့နော်” ဟုဆိုသည်။

ကျဆုံးခဲ့သည့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ဒုစစ်ဦးစီးချုပ် ဂျော်ရှူဝါအပါအဝင် ကိုယ်ရံတော်များဖြစ်ကြသည့် ရဲဘော် Amosနှင့် ရဲမေ A Nge တို့ ကျဆုံးခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စက္ကန့်ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ထုတ်ပြီးနောက် ယမန်နေ့က မိုင်းရှင်းလင်းရေး ပြုလုပ်နေစဉ် မိုင်းနင်းမိသောကြောင့် CNDF ရဲဘော် Mangpu (ခေါ်) လမင်း ကျဆုံးခဲ့ကြောင်း သူကဆက်ပြောသည်။

“စက္ကန့်ကျေးရွာမှာ ပစ်တဲ့အခါကျတော့ စစ်ကောင်စီတွေပြေးတဲ့အခါ ပြည်သူတွေအတွက်အန္တရာယ်မရှိအောင်လို့ သူတို့ထောင်ထားတဲ့မိုင်းတွေ ရှင်းတဲ့အချိန်မှာ တစ်ယောက်ကမိုင်းနင်းမိပြီးတော့ အဲဒီမှာကျသွားတယ်ပေါ့။ မိုင်းနင်းမိတဲ့တစ်ယောက်ကတော့ အသုဘလုပ်ပြီးသွားပါပြီ” ဟုဆိုသည်။

ကလေးမြို့နယ်အတွင်း စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးပူးပေါင်းတပ်တို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ စတင်ကာ တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ကံကြီး၊ ကံသာယာ၊ စက္ကန့် နှင့် စီးစံကျေးရွာတို့ကို ချင်းကာကွယ်ရေး တပ်များက သိမ်းယူထားကြောင်း သိရသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ