မူဆယ်မြို့၊ မန့်မိုင်ကျေးရွာတွင် တံမြတ်စည်းပင်ခုတ်ရန်သွားသည့်အမျိုးသမီးတစ်ဦး မြေမြုပ်မိုင်း နင်းမိသောကြောင့် ခြေထောက်နှစ်ဖက် ဖြတ်လိုက်ရကြောင်း သိရသည်။

ရွာအနီးရှိတောင်ခြေတွင် ယမန်နေ့မွန်းလွှဲ ၂ နာရီခန့်က စစ်ကောင်စီထောင်ထားသော မြေမြုပ်မိုင်း နင်းမိခဲ့ခြင်းဖြစ်သည်ဟု သွားရောက်ကူညီခဲ့သူတစ်ဦးက The 74 Media ကိုပြောသည်။

“မနေ့က သွားကယ်ခဲ့တာ သွေးတွေတောင် တစ်ကိုယ်လုံးပေသွားတာ၊ ရှမ်းအဖွားတစ်ယောက်ဟုတ်တယ်၊ သူ့သူငယ်ချင်းနဲ့အတူ သွားတာကို သူက မိုင်းနင်းမိပြီး မိသားစုဝင်တွေပြန်လာပြောတော့ သွားကယ်ခဲ့တာ။ သေတော့ မသေဘူး၊ ဆေးရုံတင်ထားတာ ခြေထောက်နှစ်ဖက်စလုံးဖြတ်လိုက်ရတယ်” ဟု ပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူမှာ အသက် ၆၀ ကျော်ခန့်အရွယ်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး မူဆယ်မြို့၊ တောင်ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

မြေမြုပ်မိုင်းနင်းမိသောကြောင့် ယခုနှစ်အတွင်း မူဆယ်မြို့ ဒေသခံ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သူကဆက်ပြောသည်။

“စစ်တပ်က တခြားအဖွဲ့တွေ လာမှာစိုးလို့ တောင်ခြေပတ်ပတ်လည်မှာဆို မိုင်းတွေထောင်ထားတာ။ တခြားလက်နက်ကိုင်တွေကလည်း တောင်ပေါ်မှာပဲ နေတာဆိုတော့။ ကိုယ်တိုင်သွားကယ်ဖူးတာတောင် ငါးယောက်လောက်ရှိပြီ။ သိရသလောက်ဆိုရင်တော့ ဆယ်ယောက်ကျော်ပြီ မိုင်းနင်းမိတာ” ဟုပြောသည်။

မူဆယ်မြို့နယ် မန့်မိုင်ကျေးရွာအုပ်စုအတွင်း ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင် မြေမြုပ်မိုင်းကြောင့် အမျိုးသားသုံးဦး ခြေထောက်ပြတ်သည့် ဒဏ်ရာများ ရရှိခဲ့သည်။

သတင်း – Pan Soon

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ