မြစ်ကြီးနားမြို့တွင် ကား၊ ဆိုင်ကယ် ခိုးယူခံရမှုများ မကြာခဏဖြစ်ပေါ်နေသော်လည်း သက်ဆိုင်ရာက ထိရောက်သည့် အရေးယူမှုများဆောင်ရွက်ပေးခြင်းမရှိသောကြောင့် ခိုးယူခံရသူအများစုက တိုင်ကြားခြင်းမရှိကြောင်း သိရသည်။

တစ်ညအတွင်း ဆိုင်ကယ်လေးစီးခိုးယူခံရသော်လည်း ရဲစခန်းကိုတိုင်ကြားလျှင် ထူးခြားမည်ဟု မယူဆသောကြောင့် တိုင်ကြားမှုများမပြုလုပ်ကြောင်း တပ်ကုန်းရပ်ကွက်နေ ဆိုင်ကယ်ခိုးယူခံခဲ့ရသည့် အမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“သူခိုးဓားပြကဆိုးတာမှ တော်တော်ဆိုးတဲ့ထိ ရောက်လာနေတဲ့သဘောပါ။ ကျွန်မတို့အိမ်က ဆိုင်ကယ်လေးစီး တစ်ခါတည်းနဲ့ ခိုးခံရတာ။ ဘေးအိမ်ကလည်း တစ်စီးပါသွားသေးတယ်ဆိုတော့ တော်တော်ဆိုးတဲ့အခြေအနေပါ။ ကားခိုးမှုလည်း အရမ်းများလာတယ်။ ခိုးမှု၊ လုမှုဘယ်လောက်များများ ဘယ်သူမှအရေးတယူမလုပ်ပေးဘူးလေ နိုင်ငံရေးနဲ့ပတ်သက်မှုမှမရှိရင် ရဲလည်းအာရုံမလာဘူးထင်တယ်” ဟုပြောသည်။

တိုက်ကြားမှုပြုလုပ်လျင်လည်း ပြန်တွေ့မည်မဟုတ်သောကြောင့် အလုပ်ရှုပ်မခံလိုကြောင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ထိရောက်စွာအရေးယူဆောင်ရွက်နိုင်မှုမရှိသဖြင့် ပေါ်ပေါ်တင်တင် ဓားပြတိုက်မှုများ ရှိလာခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။

တပ်ကုန်းရပ်ကွက် စံပြနယ်မြေတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း ဆိုင်ကယ်ခိုးရန် ကြိုးစားနေသည့် လင်မယားနှစစ်ဦးကို ဒေသခံပြည်သူများကသာ ဝိုင်းဝန်းဖမ်းဆီးကာ ရဲလက်အပ်နေရကြောင်း ဖမ်းဆီးရာတွင်ပါဝင်ခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။

“အဲ့ညနေကလည်း လင်မယားနှစ်ယောက်ဟုတ်တယ်။ အမျိုးသမီးက အပြင်မှာစောင့်နေပြီး အမျိုးသားကအထဲကိုဝင်ခိုးနေတယ်။ ဆိုင်ကယ်စက်နိုးချိန်မိလိုက်လို့တော်သေးတယ်။ ဖမ်းမိရင်တောင် ဘယ်လိုလုပ်ရမလဲခက်နေတယ်။ ရဲစခန်းကိုသွားအပ်ရင်လည်း ပြန်လွှတ်လာမှာပဲ” ဟုပြောသည်။

ထိုသို့ ပြန်လည်လွတ်မြောက်လာခြင်းကြောင့် ခိုးယူခံသူအများစုကလည်း ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခြင်းမရှိဘဲ၊ အချို့ရပ်ကွက်များတွင် ကျူးလွန်သူကို ဖမ်းဆီးရမိပါက ပြည်သူများကသာ ဝိုင်းဝန်းစစ်ဆေးမေးမြန်းကာ ခံဝန်ကတိဖြင့် ပြန်လွတ်ပေးလိုက်ရကြောင်း ရပ်ကွက်နေပြည်သူများထံက သိရသည်။

အဆိုပါကျူးလွန်သူများက အုပ်စုဖွဲ့ကာနေထိုင်သူများဖြစ်ကြပြီး ညအချိန်တွင်သာမက နေ့အချိန်တွင်လည်း ဓားထိုးလုယက်မှုများ မကြာခဏဖြစ်နေသောကြောင့် လုံခြုံမှုကင်းမဲ့လာသဖြင့် စိုးရိမ်မှုများရှိကြောင်း မြို့ခံအမျိုးသားတစ်ဦးကပြောသည်။

“ရဲတွေလည်း အခုဘာကို ဘယ်လိုလုပ်နေတယ်ဆိုတာတောင် မပြောတတ်တော့ဘူး။ ဖမ်းရင်လည်း နိုင်ငံရေးနဲ့ပတ်သက်သူတွေကိုဆိုရင် မရမကဖမ်းတယ်။ သူခိုး၊ ဓားပြမှုတွေကိုဆိုရင် သွားတိုင်ရင်တောင် အရေးမလုပ်ပေးတော့ဘူး။ အမှုတွဲအဖြစ်ပဲထားတာ ဘာမှအကြောင်းမပြန်တော့ဘူး” ဟုပြောသည်။

စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့များက ခိုးဆိုးလုယက်မှုများကို ထိရောက်စွာကိုင်တွယ်နိုင်ခြင်းမရှိသောကြောင့် ကချင်လွတ်မြောက်ရေးတပ် (KIA) အနေဖြင့် ထိထိရောက်ရောက်နှိပ်နင်းပေးစေလိုသည်ဟု အခြားဒေသခံတစ်ဦးက ဆိုသည်။

“ဖားကန့်မှာ ဓားပြမှုတွေတော်တော်ဆိုးတဲ့အချိန်မှာ KIA က ကိုင်တွယ်လိုက်မှ လျော့သွားတာလေ။ မြစ်ကြီးနားမှာလည်း အဲလိုလုပ်ပေးစေချင်ပါတယ်။ သူတို့လုပ်ရင်ဖြစ်နိုင်ပါတယ်။ ပြည်သူတွေက တော်တော်ဒုက္ခရောက်နေကြပြီး ကူရာမဲ့ကယ်ရာမဲ့ဖြစ်နေလို့ပါ” ဟု ပြောသည်။

မြစ်ကြီးနား မြို့ပေါ်ရပ်ကွက်များတွင်ပင် ခိုးဆိုးလုယက်မှုများ နေ့စဉ် တစ်စထက်တစ်စ တိုးလာနေပြီး ကိုယ်တိုင်ကြုံတွေ့ရသည့် ကား၊ ဆိုင်ကယ်ခိုးမှုနှင့် ဓားထောက်လုယက်မှုများကိုလည်း လူမှုကွန်ရက် စာမျက်နှာများတွင် မျှဝေထားသော ပိုစ့်များ မကြာခဏတွေ့နေရသည်။

ကချင်ပြည်နယ်အတွင်း အုပ်စုဖွဲ့ ခိုးဆိုးလုယက်မှုအရေအတွက်သည် ၂၀၂၁ အာဏာသိမ်းကာလအစမှ ၂၀၂၃ ပထမ ခြောက်လပတ်အထိ ၅၀ ရာခိုင်နှုန်းခန့် တိုးမြင့်ခဲ့ကြောင်း ဒေသဆိုင်ရာ မှုခင်းနဲ့ လုံခြုံရေးတာဝန်ရှိသူထံမှ သိရကြောင်း DVB သတင်းဌာနတွင် ရေးသားဖော်ပြခဲ့သည်။

သတင်း – Doi Awng

ပုံ – တပ်ကုန်းရပ်ကွက် စံပြနယ်မြေတွင် ဖေဖော်ဝါရီ ၃ ရက်နေ့က ဆိုင်ကယ်ခိုးယူစဉ် ဖမ်းဆီးခံရသူနှစ်ဦး

 

သင့်ထင်မြင်ချက်ရေးပေးပါ