တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့် မော်လူးမြို့ကို စစ်ကောင်စီစစ်ကြောင်းထိုးမည့်သတင်းကြောင့် ဒေသခံများစိုးရိမ်နေကြပြီး အချို့က ပစ္စည်းများပြောင်းရွှေ့နေကြကြောင်း သိရသည်။

နဘားကျေးရွာမှ မော်လူးမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်တို့ ကမ်းနီကျေးရွာအနီးတွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကြောင်း ဝင်ရောက်လာမည်ကို စိုးရိမ်သဖြင့် ပြောင်းရွှေ့နေကြခြင်းဖြစ်သည်ဟု ဒေသခံတောင်သူတစ်ဦးက The 74 Media ကို ပြောသည်။

“စစ်ကြောင်းထိုးမယ်ကြားကတည်းက ဆိုင်တချို့တော့ ပိတ်ထားကြတယ်။ လူတော့မရှောင်ကြသေးဘူး။ စျေးသည်တွေကတော့ ကုန်တွေနေရာရွေ့ထားကြပြီ။ ပြည်သူတွေ တအားလန့်တာပေါ့။ မော်လူးက စခန်းသိမ်း ထားတဲ့အရှိန်ရော၊ မော်လူးစျေးမီးလောင်ထားတဲ့အခြေအနေကြောင့် စိုးရိမ်းစိတ်တအားဖြစ်နေတာ” ဟုဆိုသည်။

ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ကုန်သည်များက ပစ္စည်းအချို့တစ်ဝက်ကို ပြောင်းရွှေ့နေကြခြင်းဖြစ်ပြီး ပြောင်းရွှေ့နေထိုင်ခြင်းမရှိသေးကြောင်း မော်လူးဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“အရမ်းစိုးရိမ်ရတဲ့အခြေနေတော့ မဟုတ်ဘူး။ ကုန်သည်တွေကတော့ ကြိုပြီးတော့ ရွှေ့ထားတဲ့သဘောမျိုးပေါ့။ တော်တော်များများကလည်း မော်လူးကို စစ်ကြောင်းထိုးမယ်လို့ သတင်းတွေ ပြန့်နေတဲ့အခါကျတော့။ တချို့ပစ္စည်းတစ်ဝက်တွေပဲသယ်ကြတာပါ။ ဆိုင်တွေကတော့ ဖွင့်ထားသေးတယ်” ဟုဆိုသည်။

မော်လူးမြို့နှင့် ၁၇ မိုင်ခန့်အကွာတွင်ရှိသည့် နဘားကျေးရွာတွင် စစ်ကောင်စီတပ်က အင်အားတိုးချဲ့ထားပြီး အနီးပတ်ဝန်းကျင်ကျေးရွာများကိုလည်း မကြာခဏ စစ်ကြောင်းထိုးလှုပ်ရှားမှုများရှိနေကြောင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွှဲပိုင်းကလည်း မော်လူးမြို့သို့ စစ်ကြောင်းထိုးရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ KPDF ပူးပေါင်းတပ်တို့ ကမ်းနီကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

မော်လူးမြို့ကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကချင်လွတ်မြောက်ရေးတပ် (KIA)၊ KPDF နှင့် PDF ပူးပေါင်းတပ်များက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း – Thu Ta

ပုံ – မော်လူးမြိုတွင်းတစ်နေရာကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က တွေ့ရစဉ်။

သင့်ထင်မြင်ချက်ရေးပေးပါ