စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မံစီမြို့နယ်ရှိ ကျေးရွာခြောက်ရွာမှ ပြည်သူများ နေရပ်သို့မပြန်နိုင်သေးသဖြင့် အစားအသောက်နှင့် အဝတ်အထည်များ အရေးပေါ် အကူအညီလိုအပ်နေကြောင်း သိရသည်။

ဗန်းမော်မြို့နှင့် မံစီမြို့ အနီးရှိ ကျေးရွာများနှင့် ဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်နေသည့် လူဦးရေ ၁၀၀၀ ကျော်အတွက် အစားအသောက်အပြင် နေရာထိုင်ခင်းအတွက်လည်း အကူအညီလိုအပ်နေသည်ဟု စစ်ရှောင်များကိုကူညီဆောင်ရွက်ပေးနေသည့် အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ရှောင်တာက နေ့စဉ်နဲ့အမျှတိုးနေတာဟုတ်တယ်။ လက်ရှိလိုအပ်နေတာက အခင်းတွေလိုအပ်နေတယ်။ တမံတလင်းမှာပဲအိပ်နေရတယ်။ ဗုဒ္ဓဘာသာများတော့ ဘုန်းကြီးကျောင်းတွေမှာ စစ်ရှောင်ကြရတယ်။ တချို့ကတော့ ဆွေမျိုးအိမ်တွေမှာရှောင်ကြတယ်” ဟုပြောသည်။

တိုက်ပွဲကြောင့် စီခမ်းကြီးကျေးရွာ၊ စီကော်ကျေးရွာ၊ ခါချဉ်ကျေးရွာ၊ မွန်စင့်ကျေးရွာ၊ သံတံတားကျေးရွာနှင့် မက်လင်ကျေးရွာရှိ ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ပြီး ဗန်းမော်မြို့ရှိ ဘုန်းကြီးကျောင်းတွင် စစ်ရှောင် ၇၀၀ ကျော်ခန့်ရှိကြောင်း သိရသည်။

စီခမ်းကြီးကျေးရွာအနောက်ဘက်ရှိ ပန်တိုင်းကျေးရွာနှင့် နန့်ဦကြီးကျေးရွာရှိ ဒေသခံပြည်သူ ၈၀၀ ခန့်မှာ လက်ရှိအချိန်ထိ ပိတ်မိနေသောကြောင့် အကူအညီလိုအပ်နေကြောင်း မံစီလူမှုကူညီရေးအဖွဲ့အမျိုးသားတစ်ဦးက ပြောသည်။

“ရွှေမော်ဘက်ကရွာတွေမှာ ပိတ်မိနေတာရှိတယ်။ ဒီနေ့မနက်ပဲ အဲ့ဘက်ကတစ်ယောက်လာပြောတယ်။ သူတို့ကတောထဲမှာပဲနေရတာ။ ကျွန်တော်တို့လည်း စားနပ်ရိက္ခာနဲ့ ဘယ်လိုမှသွားလို့မရဖြစ်နေတယ်။ သူတို့လည်းထွက်လို့မရ။ နှစ်ဖတ်စလုံးက ထွက်ခွင့်မပေးဘူးလို့ပြောနေတယ်” ဟုပြောသည်။

စစ်ရှောင်ပြည်သူများ၏ စားရေးသောက်ရေးအတွက် လက်ရှိအချိန်တွင် မြို့ပေါ်ရပ်ကွက်များမှ အလှည့်စနစ်ဖြင့် ဆန်များကောက်ခံကာ ဖြေရှင်းနေခြင်းဖြစ်ကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ကျေးရွာများ၏ သုံးပုံနှစ်ပုံခန့်ရှိ စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၁၁ ဦးသေဆုံးကာ ၃၁ ဦးထိခိုက်ဒဏ်ရာရရှိသဖြင့် ဗန်းမော်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း သူကပြောသည်။

လက်ရှိအချိန်တွင် တိုက်ပွဲကြောင့် ကျန်ရှိသည့်ဗုံးများနှင့် ပေါက်ကွဲခြင်းမရှိသေးသည့် လက်နက်ကြီးများရှိပြီး နယ်မြေရှင်းလင်းရေးမလုပ်နိုင်သောကြောင့် နေရပ်သို့မပြန်နိုင်သေးကြောင်း စီကော်ကျေးရွာစစ်ရှောင်အမျိုးသားတစ်ဦးကပြောသည်။

“အခုလောလောဆယ်ဆယ်တော့ ပြန်ဖို့လုံးဝမဖြစ်နိုင်သေးဘူး။ နယ်မြေရှင်းလင်းရေးတွေလုပ်ရမှာ အများကြီး ရှိသေးတယ်။ အပေါ်ကပစ်တဲ့ဗုံးသီးတွေက ဘယ်မှာပစ်လို့၊ ဘယ်မှာကျလို့၊ ဘယ်မှာမပေါက်ကွဲတာတွေရှိသေးလဲ မသိရတော့ ဘယ်သူမှမပြန်ရဲကြဘူး။ ရွာမှာ မိုင်းတွေ၊ အစအနတွေ၊ ရှင်းလင်းပေးဖို့ပဲတောင်းဆိုချင်တယ်။ အခုက ဒီမြို့နယ်မှာက အားလုံးဒုက္ခသည်လို့တောင်သတ်မှတ်လို့ရနေတယ်” ဟုပြောသည်။

မံစီမြို့နယ် စီးခမ်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ထိန်းချုပ်ထားနိုင်ပြီး အုပ်ချုပ်ရေးစနစ်များစတင်နေသည်ဟု KIA သတင်းရင်းမြစ်ထံမှ သိရသည်။

စီခမ်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သုံးရက်အကြာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကာ တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီက လေကြောင်းမှ အကြိမ် ၃၀ ထက်မနည်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

သတင်း – Doi Awng

ဓာတ်ပုံ – သုညသုခ ပရဟိတလူငယ်အသင်း

သင့်ထင်မြင်ချက်ရေးပေးပါ