ယင်းမာပင်မြို့နယ်၊ နဘူးတောကျေးရွာတွင် စစ်ကောင်စီပူးပေါင်းစစ်ကြောင်းက ဒေသခံအမျိုးသားတစ်ဦးကို သတ်ဖြတ်သွားပြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် နှစ်ဦးကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဘန့်ဘွေးကျေးရွာမှ နဘူးတောကျေးရွာသို့ ယမန်နေ့ နံနက် ၉ နာရီခန့် လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ကာဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ရွာသင်္ချိုင်းအနီး ပြည်သူတစ်ဦး၏ဦးခေါင်းကို သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ဒီကောင်တွေဖမ်းပြီး နှိပ်စက်ပြီးသတ်တာ၊ သတ်တာကတော့ သေနတ်နဲ့ပဲ နဘူးတောသင်္ချိုင်းနားမှာ ခေါင်းကို ပစ်သတ်လိုက်တာဟုတ်တယ်။ အဲ့ဘန့်ဘွေးပျူရွာက တခြားရွာတွေကိုမထွက်ဘူးဗျာ အဲ့ကောင်တွေထွက်ရင် နဘူးတောရွာကိုပဲထွက်တာများတယ် မနေ့ကလည်း အဲ့ရွာကိုပဲ တည့်တည့်လာပြီး သတ်သွားတာ” ဟုပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူနှစ်ဦးအနက် လက်မောင်းကျည်ထိမှန်သူမှာ ခရီးသွားအမျိုးသမီးတစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ နဘူးတောကျေးရွာဒေသခံအမျိုးသားတစ်ဦး ဖြစ်ကြောင်းသိရသည်။

သေဆုံးခဲ့သည့် အသက် ၄၀ ကျော်ခန့်အရွယ်ရှိ ဦးသောင်းခိုင်ကို ယမန်နေ့က မီးသင်္ဂြိုဟ်လိုက်ပြီဖြစ်သည်။

အဆိုပါအင်အား ၃၀ ခန့်ပါရှိသည့် စစ်ကြောင်းက ကျေးရွာအတွင်းရှိ ဈေးဆိုင်မှပစ္စည်းများနှင့် လူနေအိမ်များမှ လျှပ်စစ်မီးကြိုးများ ဖြုတ်ယူသွားကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ဒေသခံတွေရဲ့ ပစ္စည်းတွေတော့ အခေါက်တိုင်းယူတယ်လေ။ ရွာကို ရည်ရွယ်ချက်ရှိရှိဝင်လာတာ ရိက္ခာရယ် မီးကြိုးရယ်လိုလို့ နဘူးတောကျေးရွာကိုဝင်တယ်၊ မီးကြိုးတွေဖြတ်ယူတယ် ဖြတ်ယူပြီးတော့ ဈေးဆိုင်မှာရှိတဲ့ အရက်ဖာတွေ စားစရာသောက်စရာတွေ အကုန်ယူသွားတယ်။ မီးကြိုးဆိုတာ မီးလိုင်းကနေပြီးတော့ အိမ်ကိုသွယ်တဲ့ကြိုးတွေ” ဟုပြောသည်။

ဘန့်ဘွေးကျေးရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်ရှိကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်၊ သဲကုန်းကျေးရွာတွင်လည်း စစ်ကောင်စီပူးပေါင်းတပ်က ဒေသခံပြည်သူခြောက်ဦးကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

သတင်း – Dureng

ဓာတ်ပုံ – ယင်းမာပင်မြို့နယ်၊ သတင်းမှန်ပြန်ကြားရေး FB Page

သင့်ထင်မြင်ချက်ရေးပေးပါ