တိုက်ပွဲကာလအတွင်း မပေါက်ကွဲဘဲ ကျန်ရှိနေသည့် မိုင်းများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာ ဒေသခအချို့ဒဏ်ရာရရှိခဲ့ပြီး မိုင်းများရှင်းလင်းပေးရန်နှင့် မိုင်းအသိပညာပေးရန် လိုအပ်နေကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် နေရပ်သို့ပြန်လာနေထိုင်ချိန် စစ်ကျန်မိုင်းများကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကျေးရွာရပ်မိရပ်ဖတစ်ဦးက The 74 Media ကိုပြောသည်။

“ရွာသားအချင်းချင်း အသိပေးနိုးဆော်တိုက်တွန်းပြီးနေကြရတဲ့ အခြေအနေပါ။ သက်ဆိုင်သူတွေ ဘက်ကလည်း တတ်နိုင်သလောက်တော့ ကြိုးစားဆောင်ရွက်နေကြပါပြီး တိုက်ပွဲပြီးတဲ့နောက်ပိုင်း စစ်ကျန်ကြောင့် ထိခိုက်တဲ့အရပ်သားက လေးဦးရှိတယ်။ စစ်သားလည်းနှစ်ယောက်ပါတယ်” ဟုပြောသည်။

ကျေးရွာအတွင်းရှိ အချို့နေအိမ်ခြံဝင်းများတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးများနှင့် စစ်တပ်အနီးအနားရှိ လူသွားလမ်းများတွင် မြေမြုပ်မိုင်းကို အများဆုံးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဒေသခံပြည်သူများက မိုင်းနှင့် ပတ်သက်သော အသိပညာနည်းပါးသဖြင့် ပညာပေးလုပ်ငန်းများ လုပ်ဆောင်ပေးစေလိုကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

“တရုတ်အိမ်နားမှာကျနေတဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကို ဆားထည့်ပြီး ကျွတ်ကျွတ်အိတ်နဲ့ သွားကောက် ထုတ်ထားကြတာတဲ့ အရမ်းစိုးရိမ်ရပါတယ်။ ကျွန်မတို့ရွာသားတွေက အသိပညာပိုင်းဆိုင်ရာမှာလည်း လိုအပ်ချက်တွေ များများရှိနေကြတယ်လို့ထင်တယ်။ အဲ့ဒါကြောင့် ကျွန်မက မြင်တာနဲ့ ဘာမှသွားမလုပ်ဘဲ သက်ဆိုင်သူတွေကို အကြောင်းကြားဖြေရှင်းတဲ့နည်းပဲ သုံးဖို့ပြောပြလိုက်တယ်” ဟုပြောသည်။

လက်ရှိအချိန်တွင် မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်ပစ္စည်းများတွေ့ရှိပါက သက်ဆိုင်ရာသို့ တိုင်ကြားရန် အချင်းချင်းနိုးဆော်တိုက်တွန်းခြင်းဖြင့် ဖြေရှင်းဆောင်ရွက်နေကြပြီး စစ်ကျန်လက်နက်များကို အမြန်ဆုံးရှင်းလင်းနိုင်ဖို့ လိုလာနေကြသည်။

နမ့်ဖတ်ကာကျေးရွာတွင် ၂၀၂၃ ခုနှစ် ဇူလိုင် ၁၈ ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်၏ လက်နက်ကြီးရမ်း သမ်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ ၁၂ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၆၀ ကျော်ရှိခဲ့ကာ စခန်းသိမ်းတိုက်ပွဲကြောင့် အရပ်သား ၁၅ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၂၀ ဦးရှိကြောင်း သိရသည်။

ကွတ်ခိုင်မြို့မြောက်ဘက် မိုင် ၃၀ ခန့်အကွာရှိ နမ့်ဖတ်ကာကျေးရွာ စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခ.လ.ရ ၁၂၃) ကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သတင်း – Zami

ပုံ – ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်း မပေါက်ကွဲဘဲ ကျန်ရှိနေသည့် လက်နက်ကြီးအချို့ကိုတွေ့ရပုံ

သင့်ထင်မြင်ချက်ရေးပေးပါ