မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၂ နှစ်ခန့်အရွယ်ရှိ ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူခြောက်ဦးထက်မနည်းသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ စတင်ကာ လက်နက်ကြီးနှင့် လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် ပရဟိတအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“အခုက စာမေးပွဲက မပြီးသေးဘူးလေ တစ်ရက်ပဲလိုတယ်ဆိုတော့ ရွာကနေမထွက်ဘဲ စာမေးပွဲနောက်ဆုံးရက်မှာ ဖြစ်တာပေါ့။ ကျောင်းမှာလည်း ကျတယ်ဗျ။ ဒဏ်ရာရတဲ့အချိန် ဗုံးကျင်းတို့ဘာတို့ထဲဆွဲထားပြီးတော့ ဆုံးသွားတာတို့ ပြန်မထုတ်နိုင်တာတို့ အဲဒီလိုပေါ့။ ကျွန်တော်တို့ကို ထပ်ကယ်ခိုင်းတယ် တိုက်ပွဲဖြစ်နေတဲ့အခါကျတော့ အနားတောင် ကပ်လို့မရဘူး” ဟုဆိုသည်။

ယမန်နေ့ညပိုင်းအထိ သေဆုံးခဲ့သူ ခြောက်ဦးမှ အသက် ၁၁ နှစ်ခန့်အရွယ်ရှိ ကျောင်းသူတစ်ဦးနှင့် အသက် ၄၀ နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးကိုသာ မြေမြှုပ်သင်္ဂြိုဟ်ပေးနိုင်ခဲ့ပြီး ကျန် ၄ ဦး၏ ရုပ်အလောင်းများကို ကျေးရွာအတွင်း ထားခဲ့ရကြောင်း သူကဆက်ပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ခုနှစ်ဦးကို ဗန်းမော်ဆေးရုံသို့ပို့ဆောင်ထားပြီး ကျန်ပိတ်မိနေသူများတွင်လည်း ထိခိုက်သေဆုံးသူစာရင်း ထပ်မံတိုးလာနိုင်ကြောင်း သိရသည်။

KIA က တပ်သားသစ်စုဆောင်းသည်ဟု သတင်းများထွက်ပေါ်လျှင် စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်လေ့ရှိပြီး ယမန်နေ့ညကလည်း မံစီမြို့ မောရဝတီရပ်ကွက်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“ဘယ်ဘက်ဂျိုင်းအောက်မှာပေါ့ မိုင်းစထိထားတာ။ ဗန်းမော်ဆေးရုံကိုပို့ထားတယ်။ KIA က မနေ့က လူ ၁၂ ယောက်ဆွဲတယ်။ လူ ၃၀ ဆွဲတုန်းကလည်းပစ်တာပဲ။ ကြားရင်ပစ်တာပဲ” ဟုဆိုသည်။

စခန်းသိမ်းတိုက်ပွဲကြောင့် စီခမ်းကြီးကျေးရွာအပါအဝင် စီကော်၊ သံတံတား၊ မက်လင်စသည့် အနီးအနားရှိ ကျေးရွာမှ ပြည်သူ ၅၀၀ ကျော်မှာလည်း နီးစပ်ရာနေရာများနှင့် မံစီ၊ ဗန်းမော်စသည့်မြို့များသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စီခမ်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကုန်းကို KIA ပူးပေါင်းအဖွဲ့က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယနေ့ နံနက်ပိုင်းက ထိုစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ