ကရင်နီပြည်နယ်၊ သံလွင်မြစ်အရှေ့ဖက်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုမှ တပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာ ထွက်ပြေးသွားပြီဖြစ်ကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

ရှားတောမြိုနယ်၊ ဟွေပုန်းလောင်းဒေသမှ စိုးမိုးကုန်းတစ်ခုဖြစ်သည့် ကျားပါစပ်ကြီးစခန်းနှင့် နန့်ပန်ချောင်းအနီး အခြေပြုထားသော ဟွေအွန်တပ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အတွင်း ရဟတ်ယာဉ်များဖြင့် လာရောက် ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတပ်စခန်းနှစ်ခုမှာ မြန်မာ – ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်၏ အရေးပါသော ရှေ့တန်းတပ်စခန်းများဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဟွေအွန်စခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က KNDF B/21 နှင့် KNPLF ပူးပေါင်းတပ်တို့က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ပြီး စခန်းရှိ ဆန်အိတ်အချို့နှင့် ခဲယမ်းအချို့သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကျားပါစပ်ကြီးစခန်းကို ကရင်နီတပ်မတော် (KA)က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလကလည်း ကရင်နီတပ်မတော် (KA) က ကျားပါစပ်ကြီးစခန်းကို တစ်ကြိမ် ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့သော်လည်း နာရီပိုင်းအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်။

ရှားတောမြို့ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့မှစတင် တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မတော် (KNDF) အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒု-ရဲမှူးများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၁၆၀ ကျော်သေဆုံးခဲ့ကာ အရှင်ဖမ်းဆီးရမိထားသူများလည်းရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ