ကချင်ပြည်နယ်ရှိ မြို့ နှစ်ခုတွင် ယနေ့ နံနက်က ပြည်သူ့စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံပွဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့က လုံခြုံရေးယူကာ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကင်းချထားသည့် မိုးညှင်းမြို့ စုပေါင်းရုံးနှင့် ဌာနဆိုင်ရာရုံးများတည်ရှိရာ လမ်းတွင် စစ်ကောင်စီထောက်ခံသည့် လူတစ်စုက ကြိုဆိုထောက်ခံပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့ဘာနေသူတို့လာပြီးမှ အဝေးကြီးလည်းမလုပ်ဘူး ဒီနားပတ်ဝန်းကျင် ပတ်လျှောက်ပြီးမှ ဗီနိုင်းလေးကိုင်ပြီး ဓာတ်ပုံတွေရိုက်ပြီး လူစုခွဲလိုက်တာ ဒါပါပဲ။ ကျွန်တော်တို့မိုးညှင်း GTI ကျောင်းရဲ့ အရှေ့ကလမ်း စုပေါင်းရုံးမှာ။ အဲဒီမှာ စစ်တပ်ကလည်း ကင်းချထားတယ်။ နောက်ပြီး GTI ကျောင်းထဲမှာလည်း ကင်းတွေချထားတော့ အဲဒီနားပတ်ပတ်လည်မှာ လုပ်ကြတာ” ဟုဆိုသည်။

အဆိုပါထောက်ခံပွဲတွင် အင်အား ၆၅၀ ခန့်ပါဝင်သည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသော်လည်း အသက်ကြီးပိုင်း အမျိုးသမီးအများစုပါဝင်ပြီး တစ်စုံတရာ ကြွေးကြော်ခြင်းမရှိဘဲ လူစုခွဲသွားကြောင်း စုပေါင်းရုံးအနီးနေထိုင်သည့် အမျိုးသားတစ်ဦးက ပြောသည်။

“ယောကျာ်းတွေတောင်သိပ်မပါဘူး။ တချို့တွေကိုတော့ နေ့စားခပိုက်ဆံပေးပြီးခိုင်းတယ်လို့ပြောတယ်။ လူလည်း သိပ်မများဘူး။ မြို့ပတ်ပြီးအော်တာလည်းမရှိဘူး အဲ့မှာပဲစုပြီး ပုံရိုက်တာတဲ့။ သူတို့လည်း အဲ့မှာကြာကြာနေလို့မရဘူးလေး အခြေအနေမကောင်းတော့ သူတို့လည်းကြောက်တယ်” ဟုပြောသည်။

မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးရှိ အောင်ဇေယျာအောင်ဘုရား ဒေသအခေါ် ဘုရားတစ်ထောင်အနီးတွင်လည်း ပြည်သူအင်အား ၈၀၀ ခန့်ဖြင့်ပြုလုပ်ခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့် သတင်းဌာနများတွင် ဖော်ပြထားသည်။

ယနေ့ နံနက်ပိုင်းက ပဲခူးမြို့နယ်တွင်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုပြဌာန်းခဲ့ပြီးနောက် နိုင်ငံတကာအလုပ်အကိုင် ရှာဖွေရေးနှင့် ဗီဇာဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူများတွင် ဗီဇာလျှောက်ထားသူများနှင့် ပြောဆိုမေးမြန်းမှု အဆမတန်များလာနေကြောင်း သိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ပြဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့က အာဏာတည်ကြောင်း သတ်မှတ်ခဲ့ကာ လာမည့်ဧပြီလမှစတင်ကာ အကောင်ထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဖွဲ့စည်းခဲ့ပြီး တိုင်းနဲ့ပြည်နယ် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေကိုလည်း ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် စစ်ကောင်စီက ထပ်မံဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူကကြိုဆိုထောက်ခံနေသည်ဟု ပုံဖော်နေပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၅ ရက်က ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၆ မြို့နယ်၊ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ကလည်း မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည်၊ မိတ္ထီလာနှင့် မကွေးမြို့တို့တွင် ကြိုဆိုထောက်ခံပွဲကို ဆက်တိုက်ပြုလုပ်ခဲ့သည်။

သတင်း – Dureng, Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ