ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်နှင့် ကမ်းပါးများတွင် ရွှေတူးဖော်နေမှု ပိုမိုများပြားလာသောကြောင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုဒဏ်များကို ဒေသခံပြည်သူများ ခံစားနေရကြောင်းသိရသည်။

မြစ်လယ်ရှိ သမိုင်းဝင်ကျွန်းတော်ဘုရားအနီးပတ်ဝန်းကျင်တွင် ရွှေတူးစက်လှေများ၊ ဘက်ဟိုးများဖြင့် တူးဖော်နေကြခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသား တစ်ဦးက The 74 Media ကိုပြောသည်။

“ရေပေါ်ကျွန်းဘုရား အဲဒီဘက်ဘေးနားတွေဆိုတာက ကုန်းပေါ်မှာရော၊ ရေထဲမှာ အဲဒီနားတွေက တစ်တန်းထဲဆိုတော့ အဲဒီမြစ်ကမ်းဘေးတစ်လျှောက်က ရွှေတူးတာတွေပဲ။ ရေကြောင်းကကျတော့ ရွှေမော်တော်နဲ့လုပ်တာကိုး ကုန်းပေါ်မှာကျတော့ ဘက်ဟိုးတွေနဲ့တူးပြီးတော့ လောင်းတာ။ တရုတ်တွေဆို အကြိုက်ပါ့ ကားနဲ့ လာခဲ့ပြီးတော့ ဖားကန့်မှာကျောက်တူးသလိုပါ့။ တူးဖြဲတူးခွဲသွားတာကို” ဟုဆိုသည်။

လက်ရှိ ရွှေတူးဖော်နေသူများကို လေလံစနစ်ဖြင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အုပ်ချုပ်ရေးရာ တာဝန်ရှိသူများက လုပ်ပိုင်ခွင့်ပေးထားခြင်းဖြစ်ပြီး ဒေသခံများက သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာသည့်ဒဏ်ကိုသာခံစားနေရကြောင်း ဒေသခံ အခြားအမျိုးသားတစ်ဦးက ပြောသည်။

“သူတို့ KIA ကပဲ အခွန်တွေချပေးပြီးတော့ လုပ်နေတာလေဗျာ။ ကျွန်တော်တို့ ပြည်သူလူထုတွေက ဒုက္ခရောက်နေတာပဲရှိတာ။ ကျေးရွာတွေပျက်စီးတာတွေရော၊ သာသနာ့နယ်မြေတွေပျက်စီး တာတွေရော။ ကျွန်တော်တို့ဒေသခံတွေပဲခံနေရတာပေါ့” ဟုဆိုသည်။

လက်ရှိ ရွှေကူမြို့၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေဖောင်အစီးရေ ၃၀၀ ကျော်ရှိပြီး ငါးဘတ်ဝ၊ မိုးစစ်၊ ပေါက်ကုန်း၊ သင်္ဘောအင်းစသည့် ကျေးရွာအနီးတွင်လည်း ဘက်ဟိုးများဖြင့် ရွှေမျောလုပ်ငန်း လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

ဒေသခံပြည်သူများက ရွှေတူးဖော်ခြင်းမပြုလုပ်ပေးရန် ယခင်ကအကြိမ်ကြိမ်ကန့်ကွက်ခဲ့သော်လည်း ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပြီး ရပ်တန့်သွားခြင်းမရှိဘဲ ပိုမိုများပြားလာကြောင်း သူကဆက်ပြောသည်။

“ရွာတွေထိခိုက်မှာစိုးလို့ ကန့်ကွက်တုန်းကလည်း သူတို့က ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး လက်နက်နဲ့ ခြိမ်းခြောက်တယ်။ ကျွန်တော်တို့ ရွာဘက်တွေလည်း အခွန်တွေချပြီး ရွှေမျောတွေလုပ်ဆိုတော့ ရွာတွေပဲ နောက်ပိုင်းထိခိုက်လာမှာလေ။ ပြီးတော့သမိုင်းဝင် အမွေအနှစ်နေရာတွေလည်း တအားဆိုးနေပြီရော ဒေသဖွံ့ဖြိုးရေးအတွက်လည်း ဘာမှလုပ်ပေးတာမရှိဘူး” ဟုပြောသည်။

ရွှေတူးဖော်နေသူများတွင် ဒေသခံပြည်သူများနှင့် အနယ်အနယ်အရပ်ရပ်မှပြည်သူများပါဝင်ပြီး လုပ်ကွက်အများစုကို တရုတ်လုပ်ငန်းရှင်များကသာ ကြီးစိုးထားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် မြစ်ဆုံအထက်ပိုင်း၊ မြစ်ကြီးနားမြို့၊ ဆင်ဘိုမြို့မှ ရွှေကူမြို့အထိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်တွင် စက်လှေကြီး၊ ငယ်များဖြင့် ရွှေတူးဖော်ခြင်း၊ ကမ်းပါးတွင်မျှောတိုက်ခြင်းများနှင့် စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်သည့်လုပ်ငန်းများ ပိုမိုများပြားလာခြင်းဖြစ်သည်။

သတင်း – Thu Ta

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ