မံစီမြို့နယ်တွင် ယနေ့ နံနက် ၆ နာရီခန့်မှစတင်ကာ စစ်ကောင်စီနှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

စီခမ်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းမှအပြင်းအထန် ခုခံတိုက်ခိုက်နေသည်ဟု KIA တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“အရပ်သားအခေါ်နဲ့ဆို စစ်ကောင်စီရဲ့ စီခမ်းကြီးစခန်းခေါ်တာပေါ့။ မနက်စောစောပိုင်းကနေဖြစ်တာ။ အခုလောလောဆယ် လေယာဉ်တွေနဲ့ လိုက်ပစ်နေတယ်။ တိုက်ပွဲဖြစ်နေတာဆိုတော့ အဲဒီလောက်ပဲပြောလို့ရဦး မယ်” ဟုဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်စခန်းတွင် မံစီအခြေစိုက်တပ်ရင်းများအပြင် တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းများလည်းရှိကြောင်း KPDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဒီနေ့ စီခမ်းကြီးကိုသိမ်းနေပြီ။ အခုက Y 12 ပတ်နေတယ် နာရီဝက်လောက်ရှိပြီ။ စစ်ကောင်စီတပ်က မံစီတပ် တွေထိုင်တယ်။ တပ်မ ၈၈ ကလည်း အားဖြည့်တယ်ကြားတယ်။ ကျွန်တော်တို့ဘက်က အခြေနေကောင်းတယ်” ဟုပြောသည်။

ပြီးခဲသည့် ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း မံစီမြို့နယ်၊ ကိုက်ထိပ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA တပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ထို့အပြင် မန်ဝိန်းကြီးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကိုလည်း ကချင်လွတ်မြောက်ရေးတပ် (KIA) က သုံးရက်ကြာတိုက်ခိုက်ခဲ့ပြီးနောက် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် သိမ်းယူနိုင်ခဲ့သည်။

သတင်း – Thu Ta

 

သင့်ထင်မြင်ချက်ရေးပေးပါ