မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက်တွင် ယနေ့ မွန်းလွှဲ ၄ နာရီခန့်က နေအိမ်တစ်လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အိမ်ရှင်များမရှိချိန် ဖိုးချစ်ကုန်းအုပ်စု၊ ကျွန်းတောရပ်ကွက် အိမ်ဝင်းတစ်ခုအတွင်းရှိ အဆောက်အဦးနှစ်ခု မီးလောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အခုက အိမ်ရှင်ကလည်းမတွေ့၊ ဘေးကလည်းမမြင်ဆိုတော့ အခုတော့ ပိုင်ရှင်ကိုလိုက်ရှာနေကြတုန်း။ ဘယ်ကစလောင်တာလဲ ဆိုတာတော့မသိသေးဘူး။ အိမ်ပိုင်ရှင်လင်မယားနှစ်ယောက်လုံးက လယ်တော သွားနေကြတာ” ဟုဆိုသည်။

နှစ်ထပ်အိမ်တစ်လုံးနှင့် စပါးတိုက်တစ်လုံး မီးလောင်ပျက်စီးခဲ့ခြင်းဖြစ်ကြောင်း မိုးကောင်းမြို့ မီးသတ်စခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“နေအိမ်နှစ်လုံးလောင်တာ။ လမ်းသွယ် ၂၁ နဲ့ ၂၂ ကြား။ အိမ်တစ်လုံးနဲ့ စပါးတိုက်တစ်လုံးဗျ။ အိမ်မျက်နှာပြင်နဲ့ ကြမ်းပြင် အကုန်လောင်တာပေါ့။ ကြမ်းပြင်တွေကစ သုံးမရတော့ဘူးပေါ့။ အိမ်တစ်လုံးလုံး လောင်တဲ့အဆင့်ဖြစ် သွားတာပေါ့” ဟုဆိုသည်။

မီးငြိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၁ စီးတို့ဖြင့် မွန်းလွှဲ ၄ နာရီခွဲခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ စံပြနယ်မြေတွင်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က နေအိမ်လေးလုံး မီးလောင်ပျက်စီးခဲ့သည်။

သတင်း – Thu Ta

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ