မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ အမျိုးသားအားကစားကွင်း ဒေသအခေါ် နောင်ရာပါကွင်းတွင် ယနေ့ ညနေ ၄ နာရီခန့်က လူငယ်အမျိုးသား ငါးဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။

လူငယ်များ ဟိုတစ်စု ဒီတစ်စုဖြင့် ထိုင်နေကြစဉ် ရဲဝတ်စုံဝတ်ဆင်ထားသူများက ကားတစ်စီးဖြင့်ရောက်ရှိပါပြီး ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ထွက်ပြေးလွတ်မြောက်ခဲ့သူတစ်ဦးက The 74 Media ကိုပြောသည်။

“ကျွန်တော်တို့အဲ့မှာ အရက်ထိုင်သောက်နေတာ။ အဲ့ဖမ်းခံရတဲ့ဝိုင်းနဲ့ ကျွန်တော်တို့ဝိုင်းကတော့ ဆယ်ပေ ဆယ့်ငါးပေးလောက်တော့ကွာကြတာပဲ။ ဟိုဘက်မှာတွေလည်း သုံး၊ လေးဝိုင်းလောက်တော့ရှိတယ်။ အဲ့ဘက်က မိန်းကလေးတွေပါ အကုန်းပြေးတာ ဒါပေမဲ့အဲ့ဝိုင်းပဲ မလွတ်တာ” ဟုပြောသည်။

ကားဖြင့်ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။

“ဘယ်နှစ်ယောက်ပါသွားမှန်းတော့ ကျွန်တော်တို့လည်းမပြောတက်ဘူး။ တွေ့တာနဲ့ ခိုးကြည့်နေရုံပဲဆိုတော့ အတိကျမသိဘူး။ ကျွန်တော်မြင်တာတော့ သုံးလေးယောက်ပဲမြင်တယ်။ ဟိုဘက်က တခြားနေရာက ဘယ်နှစ်ယောက်ပါကုန်လည်းတော့မ‌သိဘူး” ဟုပြောသည်။

The 74 Media က ရရှိထားသော ရုပ်သံအရ အုပ်စုဖွဲ့ကာ ထိုင်နေသည့် လူတစ်စုကို အရပ်ဝတ်နှင့် ကျည်ကာများဝတ်ဆင်ထားပြီး လက်နက်ကိုင်ဆောင်ထားသည့် လူတစ်စုက လူငယ်အမျိုးသားလေးဦးကို လက်ထိပ်ခတ်ကာ ကားနောက်ဖုံးတွင် တင်ဆောင်ပြီး ခေါ်ဆောင်သွားသည်ကိုတွေ့ရသည်။

ဖမ်းဆီးခံရသည့် အကြောင်းအရင်းနှင့် ဖမ်းဆီးခံရသူ အရေအတွက်ကို The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

ယခုရက်ပိုင်းမြစ်ကြီးနားမြို့နယ်တွင် မကြာခဏ လူငယ်များ ဖမ်းဆီးခံနေရသည်ဟု သတင်းများထွက်ပေါ်နေပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက် ရွှေလမ်းမတွင် အိမ်ခန်းငှားနေသည့် လူငယ်သုံးဦးကို အရပ်ဝတ်နှင့်လူတစ်စုက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

သတင်း – Dureng, Zami

ပုံ – ထွက်ပြေးသွားသူများ ကျန်ရှိခဲ့သည့် ပစ္စည်းအချို့

သင့်ထင်မြင်ချက်ရေးပေးပါ