စစ်ကောင်စီတပ်က တန့်ဆည်မြို့နယ် အနောက်ဘက်ခြမ်းကို နှစ်ရက်ဆက်တိုက်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ပြည်သူနှစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ပန်းထိမ်ကုန်းကျေးရွာနှင့် တောင်ကျောင်းကျေးရွာတို့ကို ယမန်နေ့ည ၉ နာရီနှင့် ၁၁ နာရီခန့်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ်လည်းပျက်စီးခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ဂျက်ဖိုက်တာနဲ့ တောင်ကျောင်းကျေးရွာကိုလာပစ်သွားတာ ညကိုးနာရီလောက်က ပြီးတော့ ၁၁ နာရီလောက်က ပန်းထိမ်ကုန်းကျေးရွာဆန်စက်အနားကြဲသွားတာ။ နေအိမ်တွေလည်း ပျက်ဆီးသွားတယ်ဗျာ။ သေဆုံးသွားတာက အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ဗျာ” ဟုပြောသည်။

သေဆုံးခဲ့သည့် ပန်းထိမ်ကုန်းဒေသခံ အမျိုးသားမှာ အသက် ၆၉ နှစ်ခန့်အရွယ်ရှိ ဦးကျော်လှဆိုသူဖြစ်ပြီး တောင်ကျောင်းကျေးရွာမှ သေဆုံးသူအမျိုးသမီးမှာ အသက် ၅၀ နှစ်ခန့်အရွယ်ရှိသူဖြစ်ကြောင်းသိရသည်။

လေကြောင်းမှ ပြည်ထောင်စုလမ်းမကြီး ၃၇ မိုင်နှင့် ၃၈ မိုင်ကြားတွင်လည်း ပြီးခဲ့သည့် ၁၄ ရက်နေ့မွန်းလွှဲ ၁ နာရီခန့်က တစ်ကြိမ်၊ ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်ကတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကားနှစ်စီးထိခိုက်ပျက်စီးခဲ့ပြီး ယာဉ်မောင်းနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။

“ဝါးကားတစ်ကားရယ်၊ စပါးကားတစ်ကားရယ် အဲ့လိုပစ်တာ တောဂျင်ဘက်မှာ။ အဲ့ကောင်တွေက တိုက်ပွဲကို ပစ်တာမဟုတ်ဘူး ရမ်းသမ်းပြီးတော့ပစ်တာ ခြိမ်းခြောက်တာလည်း ဖြစ်နိုင်ပါတယ်လေး အဲ့အနောက်ဘက်ကို” ဟုပြောသည်။

စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တစ်ကြိမ်လျှင် ဗုံးခြောက်လုံးခန့် ပစ်ချသွားကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရမ်းသမ်းပစ်ခတ်နေသောကြောင့် ဒေသခံအချို့မှာလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း တန့်ဆည်မြို့အနောက်ဘက်ခြမ်းနေ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဒီဘက်ကတော့ တိုက်ပွဲဖြစ်တာမျိုးတော့မရှိပါဘူး အေးဆေးပါတယ်။ သူတို့ပဲရမ်းသမ်းပစ်ခတ်ခဲ့တဲ့ သဘောပေါ့။ အဲ့လိုတိုက်ခိုက်လို့ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်တာတွေတော့ရှိတယ် ပြေးနေရတာ တော်တော်လေးများပါတယ်” ပြောသည်။

လက်ရှိအချိန်တွင် တန့်ဆည်မြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့ပေါ်စခန်းများနှင့် စခန်းကြီးတွင်သာ အင်အားစုကာ ခံစစ်ပြင်နေကြကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ လေးရက်နေ့ကလည်း စစ်ကောင်စီတပ်က တန့်ဆည်မြို့နယ်၊ စိန်းနန်းကျေးရွာကို လေကြောင်းသုံးတိုက်ခိုက်ခဲ့သောကြောင့် ၆ နှစ်ခန့်အရွယ်ကလေးအပါအဝင် ပြည်သူငါးဦးသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း – Dureng

ပုံ – ဗုံးကျရောက်ပေါက်ကွဲခဲ့သောနေရာ (Kaduma platform)

သင့်ထင်မြင်ချက်ရေးပေးပါ