စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အတွင်း ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား ယနေ့ နံနက် ၆ နာရီခန့်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြို့အတွင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်ကျဆုံးမှုအခြေနေ မသိရှိရသေးကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဆက်သွယ်ရေးတာဝန်ခံ တစ်ဦးက The 74 Media ကိုပြောသည်။

“မနက်ပိုင်းကနေ ထိတွေ့မှုဖြစ်နေတာပါ။ ပြီးတော့ ဝန်းသိုက(စစ်ကောင်စီ) တပ်ရင်းကနေ ဟောင်ဝစ်ဇာနဲ့လှမ်း ပစ်နေတာ။ ထိခိုက်ကျဆုံးတာတော့မသိရသေးဘူး။ ဖြစ်နေတာတော့ မြို့ပေါ်တင်ပဲ နေရာအတိအကျတော့ မသိရဘူး” ဟုဆိုသည်။

စစ်ကြောင်းထိုး လှုပ်ရှားသွားလာနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မြို့တွင်းတစ်နေရာတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကာကွယ်ရေးအဖွဲ့တွေက မြို့ထဲကဆုတ်တယ် မြို့ပြင်မှာ မြို့နဲ့အနီးဆုံးနေရာ ဘေးကင်းဇုန်တွေမှာ နေရာယူထားတယ်။ ဒီနေ့ကတော့ ထိုးစစ်မဟုတ်ဘူး ကောလင်းနဲ့ ကူးသန်းနေတဲ့ စစ်ကြောင်းကို စောင့်တိုက်တာ မနေ့ကလည်း ရှေ့ပွိုင့်ကိုတစ်ခုကိုဝင်လုံးတာ” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် မင်းတဲကြီးရပ်ကွက်အတွင်းရှိ နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးနေကြောင်းသိရသည်။

တော်လှန်ရေးအင်အားစုများသိမ်းယူထားသည့် ကောလင်းမြို့ကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့မှစတင်ကာ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဖော်ဖော်ဝါရီလ ၁၃ ရက်နေ့တွင် မြို့အတွင်းထိထိုးဖောက်ဝင်ရောက်ကာ နေရာအများစုကို ပြန်လည်ထိန်းချုပ်ထားခဲ့သည်။

ကောလင်းမြို့ကို တော်လှန်ရေးပူးပေါင်းတပ်များက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် တိုက်ခိုက်သိမ်းယူခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အုပ်ချုပ်ရေးစနစ်လည်ပတ်ခဲ့သည့် မြို့ဖြစ်သည်။

သတင်း – Thu Ta၊ Dureng

ဓါတ်ပုံ – Toke Toke (TSW)၊ Kawlin Revolution-KR

သင့်ထင်မြင်ချက်ရေးပေးပါ