လူငယ်အမျိုးသားတစ်ဦး ဧရာဝတီမြစ်ဆိပ်ထဲဆင်းကာ အဆုံးစီရင်သည့်ဖြစ်စဉ် မြစ်ကြီးနားမြို့တွင် ယမန်နေ့ည ၆ နာရီအချိန်ခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါလူငယ်သည် မန်ခိန်ရပ်ကွက်ရှိ ဧရာဝတီမြစ်ဆိပ်တွင် ရေထဲဆင်းသွားရာမှ ပျောက်ဆုံးသွားပြီးနောက် ယနေ့ မွန်းလွှဲ သုံးနာရီအချိန်ခန့်က ရုပ်အလောင်းဆယ်ယူနိုင်ခဲ့ကြောင်း မန်ခိန်ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“မနေ့ညကနေဖြစ်တာ၊ မန်ခိန်က Bar တစ်ခုမှာသူငယ်ချင်းတွေနဲ့အရက်သောက်ပြီး အသည်းကွဲလို့ဆိုပြီးရေထဲဆင်းသွားတာတဲ့။ စောင့်ရင်းနဲ့ပြန်မပေါ်လာတော့ မနေ့ညတစ်ညလုံးရှာကြတာမတွေ့ဘူး။ ဒီနေ့ဆက်ရှာမှအလောင်းပြန်တွေ့ခဲ့တယ်” ဟုပြောသည်။

 

သေဆုံးသွားသူ အသက် ၂၃ နှစ်အရွယ်ဖြစ်ပြီး မန်ခိန်ရပ်ကွက်ရှိ ဘော်ဒါဆောင်တစ်ခုတွင် ဆရာလုပ်နေသူဖြစ်ကြောင်းမန်ခိန်ဒေသခံ အမျိုးသမီးတစ်ဦးကဆက်ပြောသည်။

 

“ကောင်မလေးက လမ်းခွဲလိုက်လို့ အသည်းကွဲပြီးဖြစ်သွားတာ။ သူက မန်ခိန်ဘော်ဒါဆောင်မှာဆရာလုပ်ပြီးနေတာ။ တက္ကသိုလ်လည်း ဒုတိယနှစ်တက်နေတာဟုတ်တယ်။ သူရေထဲခုန်မဆင်းခင်မှာသူ့သူငယ်ချင်းတွေကိုဖုန်းခေါ်သေးတယ်၊ သူငယ်ချင်းတွေရောက်လာတော့ရေထဲရောက်နေပြီပြောတယ်။ သူငယ်ချင်းတွေလည်းတစ်ညလုံးထိုင်စောင့်နေတယ်သူကပြန်မပေါ်လာတော့ဘူး” ဟုပြောသည်။

 

သေဆုံးသွားသူ၏ ရုပ်အလောင်းကို မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးကို ခေါ်ဆောင်သွားကြောင်း သိရသည်။

 

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဧပြီလကလည်း မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ ဧရာဝတီမြစ်ဆိပ်တွင် မိန်းကလေးသုံးဦး ရေချိုးဆင်းရာမှ လူငယ်မိန်းကလေးတစ်ဦးရေနစ်သေဆုံးသွားကြောင်း သိရသည်။

 

သတင်း – Doi Awng

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ