ဖားကန့်မြို့နယ် ကျောက်ဖျာကျေးရွာအနီးတွင် ယနေ့ နံနက် ၆ နာရီခန့်မှစတင်ကာ ကချင်လွတ်မြောက်ရေးတပ် (KIA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

ဖားကန့်မြို့မှထွက်လာသော စစ်ကောင်စီစစ်ကြောင်းကို KIA က ကြားဖြတ်တိုက်ခိုက်ခြင်းဖြစ်ပြီး ယနေ့ နံနက်အစောပိုင်းမှစတင်ကာ ပစ်ခတ်သံများကြားနေရသည်ဟု ဂတ်နွယ်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ဒီမနက်မိုးမလင်းခင်က ဖုန်းတစ်ခါဝင်တယ်။ ဟိုဘက်ကနေ့ စစ်ကြောင်းဆင်းလာပြီးနော်ဆိုပြီးဝင်တာ။ ၆ နာရီလောက်ဆို အသံစထွက်ပြီ ဟိုကဆင်းလာတဲ့စစ်ကြောင်းကို KIA က ၆ မိုင်ရောက်တော့ ကြားဖြတ်ပစ်တာ ဟုတ်တယ်” ဟုပြောသည်။

လက်ရှိအချိန် တိုက်ပွဲပြင်းထန်နေပြီး ဖားကန့်တပ်မကုန်းနှင့် လယ်ပြင်ယမ်းချက်စက်ရုံမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားရာနေရာသို့ လက်နက်ကြီးပစ်ကူနေကြောင်း အသက် ၃၀ကျော်အရွယ် လယ်ပြင်ကျေးရွာဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“မနက်စောစောစီးစီးကို ချနေကြတာ။ လက်နက်ကြီးပစ်ကူတဲ့အသံတွေကော စုံနေတာပဲ။ ခရီးသွားမဲ့သူတွေလည်း လမ်းကြောကိုသေချာစုံစမ်းပြီးမှသွားစေချင်ပါတယ်။ တိုက်ပွဲဖြစ်ရင် လမ်းက ပိတ်နေကြမို့လေ” ဟုပြောသည်။

စစ်ကောင်စီတပ်က နန့်တိန်းစခန်းကို ပြန်လည်ရယူလိုသောကြောင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု လုံးခင်းဒေသခံတစ်ဦးကပြောသည်။

“စစ်တပ်ဘက်က နန့်တိန်ကိုပြန်ရချင်တဲ့သဘောရှိတယ်။ လုံးခင်း နဲ့ ကားမိုင်းဗျူဟာကနေ စစ်ကြောင်းက နှစ်ဖက်ကိုထိုးနေတာလို့သိရတယ်။ ကြားညှပ်ချင်တဲ့သဘောဟုတ်တယ်။ တိုက်ပွဲကြမ်းနေတယ် အထိခိုက်၊ အကျအရှုံးရှိနိုင်တယ်” ဟုပြောသည်။

ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မကြာခဏ တိုက်ပွဲဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း ကျောက်ဖျာကျေးရွာသို့ တက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို KIA က ကြားဖြတ်တိုက်ခိုက်ရာမှတိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ပြည်သူ့စစ်အင်အား ၅၀ ခန့်ပါရှိသည့် စစ်ကြောင်းက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ ရက်နေ့က ဖားကန့်မြို့နယ်၊ မအူပင်ကျေးရွာသို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ကာ ဝင်ရောက်ခဲ့ပြီး ပြည်သူလေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကာ နေအိမ် ၁၇ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့သည်။

သတင်း – Pe Ti, Zami

ပုံ – KIAတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်(ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ