မြစ်ကြီးနားမြို့နယ် ဧရာဝတီမြစ်ဘေး ဆင်ဘိုမြို့အနီးရှိ စစ်ကောင်စီခြေလျင်တပ်ရင်း (ခ.လ.ရ) (၁၄၁) ကို ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်မဟာ ၈ လက်အောက်ခံ တပ်ရင်း (၅) က ယနေ့ နံနက် ခုနှစ်နာရီမှစတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်းသိရသည်။

KIA တပ်ဖွဲ့ဝင်များက ဆင်ဘိုမြို့အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများ အပါအဝင် မြို့အနှံ့ဝင်ရောက်ထိန်းချုပ်ထားပြီဖြစ်ကြောင်း KIA တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“မြို့လယ်ခေါင်ဘက်ရော အကုန်ဝင်နိုင်ပြီ၊ စစ်တပ်ကတော့ မသိမ်းနိုင်သေးဘူး။ မြို့တွင်း နေရာအကုန်လုံးတော့ ကျွန်တော်တို့အဖွဲ့တွေတပ်စွဲထားနိုင်ပြီ။ အဲဒီနေရာကို သိမ်းဖို့အတွက် ပြင်ဆင် နေတာတော့ကြာပြီ။ ဒီနေ့တော့ ဝင်တိုက်နိုင်ခဲ့ပြီ။ အခုတော့ ခလရ ၁၄၁ ကိုဆက်ပြီးတော့တိုက်နေတယ်” ဟုပြောသည်။

ဆင်ဘိုမြို့အတွင်းရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကိုလည်း KIA တပ်ဖွဲ့ဝင်များက အရှင်ဖမ်းဆီးထားပြီး မြို့နှင့် သုံးမိုခန့်အကွာရှိ စစ်တပ်စခန်းကို ဆက်လက်တိုက်ခိုက်နေကြောင်း ဆင်ဘိုမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဒီမနက်ကတည်းက ပစ်နေတာအခုထိပဲ။ လောလောဆယ်တော့ KIA တွေကမြို့ကိုထိန်းထားနိုင်ပြီလို့ ပြောလို့ရတာပေါ့။ စစ်တပ်တစ်ခုပဲသိမ်းဖို့လို့တော့တယ်။ ထွေအုပ်ရုံးကလူတွေလည်း အကုန်ပြေးကုန်ကြပြီ။ ဘယ်သူမှမရှိတော့ဘူး။ ပြည်သူ့စစ်တွေကိုလည်း လိုက်ဖမ်းနေတယ်” ဟုပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တိုက်လေယာဉ်အသုံးပြုတိုက်ခိုက်နေကြောင်း KIA အရာရှိတစ်ဦးက ပြောသည်။

“ဒီမနက်မိုးမလင်းခင်ကတည်းက တိုက်ပွဲစဖြစ်နေတာ။ ခဏကလည်း တိုက်လေယာဉ်တွေနဲ့ လာပစ်နေတယ်” ဟုပြောသည်။

အဆိုပါ စစ်ကောင်စီ ခလရ (၁၄၁) တပ်စခန်းကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဩဂုတ်လက KIA က သွားရောက်တိုက်ခိုက်ခဲ့ဖူးသည်။

ဆင်ဘိုမြို့ ယခင်က ကျေးရွာဖြစ်သော်လည်း ၂၀၀၂ ခုနှစ်တွင် မြို့အဖြစ်သတ်မှတ်ခံရပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ တစ်သောင်းကျော်နေထိုင်သည်။

အလားတူ မြစ်ကြီးနားမြို့နယ် ဧရာတီမြစ်တစ်ဖက်ကမ်း တာလောကြီးကျေးရွာရှိ ပြည်သူ့စစ်စခန်းကိုလည်း KIA က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

သတင်း – Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ