ရက္ခိုင့်တပ်တော် (AA) က တစ်လကျော်ကာလအတွင်း ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၉) လက်အောက်ခံ ခြေမြန်တပ်ရင်း ၁၀ ရင်း သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ၏တိုက်ခိုက်ရေး စစ်သင်္ဘော စုစုပေါင်း ၃ စီးကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ကျောက်တော်၊ မင်းပြား နှင့် မြောက်ဦးမြို့နယ်အတွင်းရှိ ခြေမြန်တပ်ရင်း ၁၀ ရင်း ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၆ ရက်နေ့အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ကမ်းထိုးယာဉ်နှင့် နေဗီတိုက်ခိုက်ရေးစစ်သင်္ဘော ၃ စင်းကို နစ်မြုပ်အောင်တိုက်ခိုက်ခဲ့သည်ဟု ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့ ညပိုင်းက ထုတ်ပြန် ထားသည်။

စစ်ကောင်စီ၏ အခြားစစ်သင်္ဘောတစ်စီးကိုလည်း ပျက်စီးအောင်တိုက်ခိုက်ခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော ၇ စီးခန့်ကို သွားလာမရအောင်နှင့် မြစ်အတွင်းရေချမရအောင်ပြုလုပ်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) ၏ မှတ်တမ်းများအရသိရသော်လည်း မည်သည့်နေရာတွင် တိုက်ခိုက်ခဲ့သည်ကို အသေးစိတ်ဖော်ပြထားခြင်းမရှိသေးပါ။

စစ်ကောင်စီ၏ လက်ကျန်တစ်ခုတည်းဖြစ်သော မြောက်ဦးမြို့အခြေစိုက် ရဲတပ်ရင်း (၃၁) ကိုလည်း ယမန်နေ့က အပြီးသတ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်းဖော်ပြထားသည်။

ရခိုင်ပြည်နယ်တွင် “၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့်အချိန်မှစပြီး ပေါက်တောမြို့နှင့်ချင်းပြည်နယ် ပလက်ဝမြို့အပါအဝင် မြို့ကြီး ၅ မြို့ကို ရက္ခိုင့်တပ်တော် (AA) ကထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီစခန်းပေါင်း ၂၀၀ ကျော်ကို သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ