စစ်ကောင်စီစစ်ကြောင်းက ယမန်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည့် ဖားကန့်မြို့နယ် မအူပင်ကျေးရွာမှ ဒေသခံပြည်သူများ နေအိမ်ပြန်လည်တည်ဆောက်ရန် အခက်အခဲကြုံနေရကြောင်းသိရသည်။

တိုက်ပွဲအခြေအနေအပြင် ငွေကြေးအခက်အခဲများကြောင့် နေအိမ်ပြန်လည်ဆောက်လုပ်နိုင်ရန် မဖြစ်နိုင်သေးကြောင်း နေအိမ်ဆုံးရှုံးခဲ့ရသည့် ဒေသခံ အမျိုးသမီးတစ်ဦးက‌ The 74 Media ကိုပြောသည်။

“လူနေလို့ရအောင်ထိ အဆင်ပြေအောင် ပြန်ပြင်ပြီးနေနေရတယ်ရှင့်။ လိုအပ်ချက်တွေကတော့ အများကြီးပါ။ အိမ်ပြန်ဆောက်ဖို့ဆိုတာလည်း ဒီခေတ်ကာလနဲ့ ဘယ်လိုမှအဆင်မပြေဘူး။ တိုက်ပွဲပြန်ဖြစ်ရင် ဒီထက်ပိုဆိုးမှာ၊ ရွာထဲမှာတောင် နေလို့မရလောက်တော့ဘူး” ဟုပြောသည်။

ဖွံ့ဖြိုးမှုမရှိသေးသည့် ကျေးရွာဖြစ်သောကြောင့် အဖက်ဖက်တွင် အခက်အခဲများစွာရှိနေပြီး ပြန်လည်ထူထောင်ရေးအတွက်လည်း အကူအညီများလိုအပ်နေကြောင်း အသက် ၄၆ နှစ်ခန့်အရွယ် ကားမိုင်းမြို့ခံတစ်ဦးက ပြောသည်။

“မအူပင်ရွာဆိုတာက လုံးဝမဖွံ့ဖြိုးသေးတဲ့ရွာဟုတ်တယ်။ ဖုန်းလိုင်းတွေလည်း ကောင်းကောင်းမွန်မွန်မရသေးဘူး။ အခုပျက်စီးသွားတဲ့ သူတို့နေအိမ်တွေက ဘာမှရစရာမရှိခဲ့ဘူး။ ပြန်လည်တည်ဆောက်ဖို့ဆိုတာကလည်း ငွေလိုတယ်လေ။ ဒါကြောင့် တတ်နိုင်တဲ့ဘက်ကနေ ဝန်းရံပေးစေလိုပါတယ်” ဟုပြောသည်။

ကျေးရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ဝင်ရောက်လာပြီး နေအိမ် ၁၇ လုံးကို မီးရှို့ဖျက်ဆီးကာ ဘာသာရေးဆရာတစ်ဦးအပါအဝင် ပြည်သူလေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“KIA ရွာဆိုပြီး မီးလာရှို့သွားတာပါ။ မီးမရှို့ခံရတဲ့အိမ်တွေလည်းရှိတာပေါ့။ ကားသုံးစီးနဲ့ရွာထဲကို ဝင်လာခဲ့တာ ဓာတ်ဆီတွေဖြန်း မီးရှို့ပေးတယ်။ ရက်စက်လိုက်တာဗျာ” ဟုပြောသည်။

အဆိုပါစစ်ကြောင်းတွင် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ – ၂၉၇ နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များပါရှိပြီး ဖမ်းဆီးခံခဲ့ရသည့် ပြည်သူလေးဦးမှာလည်း လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း သိရသည်။

မအူပင်ကျေးရွာသည် နန့်ယားကျေးရွာနှင့် ကာမိုင်းမြို့ကြားတွင် တည်ရှိသည်။

ဖားကန့်မြို့ နန့်တိန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ်( KIA)နှင့် KPDF ပူးပေါင်းတပ်တို့က ဖေဖော်ဝါရီလ  ၃ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မြစ်ကြီးနား – ဖားကန့်လမ်းတွင် မကြာခဏ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ