မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးအရှေ့ဘက်ကမ်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ ယနေ့ နံနက် ၆ နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် နယ်ထိန်းရဲတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အင်းသာနှင့် ဟဲပါးကျေးရွာကြားတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နယ်ထိန်းရဲတစ်ဦးသေဆုံးကာ တစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့်နီးစပ်သူတစ်ဦးက The 74 Media ကို ပြောသည်။

“သူတို့အမြဲသွားနေတာ ဆီကားတွေကို ပိုက်ဆံလိုက်တောင်းကြတာ။ မနက်က လုံခြုံရေးအရ ကင်းပတ်နေတဲ့အချိန် အင်းတော်ကြီးနယ်ထိန်းရဲနဲ့ ထိပ်တိုက်တွေ့ပြီး ပစ်ခတ်မှုဖြစ်တာ။ နယ်ထိန်းကတော့ နေရာမှာပဲ သေသွားတယ်။ သူ့တပည့်တစ်ယောက်ကတော့ လက်ထိသွားတယ်လို့ ကြားထားပါတယ်ဗျ” ဟုဆိုသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ထိုလမ်းပိုင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခေတ္တပိတ်ထားခဲ့ပြီး သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်၏ ရုပ်အလောင်းကို သယ်ဆောင်သွားကြောင်း ဒေသခံအမျိုးသမီးတစ်ဦးကဆက်ပြောသည်။

“အသံထွက်တာတော့ ဒီမနက် ၆ နာရီလောက်မှာဟုတ်တယ်။ ကြားတာတော့ ကားရပ်ခိုင်းတာမရပ်လို့ ပစ်ကြတယ်လို့ကြားတာပါ့။ မနက်ကဖြစ်တဲ့အချိန်မှာတော့ အဲ့နေရာပိတ်ထားလို့ ကလေးတွေတောင် ကျောင်းမသွားရဘူး ကိုးနာရီနောက်ပိုင်းလောက်မှပြန်သွားခိုင်းတယ်” ဟုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးစီးနင်းလာသည့် အေဒီဘင်ကားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာတွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

အင်းတော်ကြီး KPDF ကလည်း တပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေစဉ် လုံးတုံကျေးရွာမှထွက်ခွာလာသော စစ်ကောင်စီရဲကားတစ်စီးနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး နယ်ထိန်းခေါင်းဆောင်ဖြစ်သူသေဆုံးသွားကြောင်း ထုတ်ပြန်ထားသည်။

အင်းတော်ကြီးဒေသရှိ နန့်မွန်းတောင်ခြေတွင်လည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မတ်လက စစ်ကောင်စီတပ်ဖွဲ့ဝင်များစီးနင်းလိုက်ပါလာသည့် အိမ်စီးကားကို ကချင်လွတ်မြောက်ရေးတပ် (KIA) က မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် လေးဦး ဒဏ်ရာရရှိခဲ့သည်။

သတင်း – Thu Ta

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ