တိုက်ပွဲဖြစ်ပွားနေသည့်နေရာသို့ ဗုံးကြဲရန်လာသည့် စစ်ကောင်စီတပ်၏ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး ယနေ့ မွန်းလွှဲ ၂ နာရီခန့်က ကန့်ဘလူမြို့နယ်တွင် ပစ်ခတ်ခံခဲ့ရပြီး အရေးပေါ်ဆင်းသက်ခံရကြောင်း သိရသည်။

ရုရှားနိုင်ငံထုတ် Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်၏ လေယာဉ်အမှီးပိုင်းတွင် ကျည်ထိမှန်သဖြင့် ကန့်ဘလူမြို့နယ် ၆၀၀၆ အမြောက်တပ်သို့ အရေးပေါ်ဆင်သွားသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုမင်းသူက The 74 Media ကိုပြောသည်။

“၆၀၀၆ ကနေပြီးတော့ ချပ်သင်းဘက်ကိုသွားတော့ ပစ်လွတ်လိုက်တာ တဝီတဝီနဲ့ မီးခိုးတွေလည်း မြင်တယ်ပြောတယ်။ အမှီးကိုထိသွားတယ်လို့ပြောတယ်။ ၆၀၀၆ ကိုကျ(ဆင်း)သွားတယ်။ အဲ့မှာ ဂျက်ဖိုက်တာတွေတော့ ကျ(ဆင်း)လို့မရဘူး MI 35 နဲ့ 17 နဲ့တော့ကျလို့ရတယ်” ဟုပြောသည်။

ချပ်သင်းရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ယမန့်နေ့ညမှစတင်ကာ စခန်းသိမ်းနိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ကူနေကြောင်း သူကဆက်ပြောသည်။

ရဟတ်ယာဉ်ထိမှန်ခဲ့ခြင်းနှင့်ပတ်သက်ပြီး The 74 Media က အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်ပြီး သတင်းဌာနအချို့တွင် တော်လှန်ရေးတပ်ဖွဲ့က ပွိုင့် ၅ စက်သေနတ်အကြီးစားဖြင့် ပစ်ခတ်ခဲ့သည်ဟုဖော်ပြထားသည်။

အဆိုပါ ချပ်သင်းရဲစခန်းသည် စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့ဝင် ၈၀ ခန့် တပ်စွဲထားသော စခန်းဖြစ်ကြောင်း တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“မနေ့ညကတည်းက ချပ်သင်းကိုဝင်တိုက်နေတာ အနီးကပ် ချနေကြတာ။ အဲ့ချပ်သင်းစခန်းမှာ ပျူနဲ့စစ်ကောင်စီ ဝါသဝရဲ့တပည့်တွေ အင်အား ၈၀ လောက်ထင်တယ် အတိအကျမသိ ပျူကများတာဟုတ်တယ်။ တိုက်ပွဲကမပြီးသေးဘူး။ ချပ်သင်းမှာ ပစ်ကူလာတဲ့ လေယာဉ်တစ်စီးပစ်တာမှန်တယ် မပျက်ကျဘူး ၆၀၀၆ ထဲဆင်းသွားတယ်” ဟုပြောသည်။

တိုက်ပွဲတွင် နှစ်ဖက်အထိအခိုက်အကျအဆုံးများရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကျဆုံးကာ ခြောက်ဦးထိခိုက်ဒဏ်ရာရရှိထားကြောင်း ကနဦးသိရသည်။

အဆိုပါချပ်သင်းရဲစခန်းသည် ကန့်ဘလူမြို့မြောက်ဘက် ၂၅ မိုင်ခန့်အကွာတွင်တည်ရှိပြီး ပြီးခဲ့သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ နှစ်ရက်နေ့ကတစ်ကြိမ်၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင်လည်းတစ်ကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

သတင်း -Dureng

ဓါတ်ပုံ – စစ်ကောင်စီတပ်၏ Mi-35 ရဟတ်ယာဉ်တစ်စီးကို တွေ့ရစဉ် (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ