ဆိုင်ကယ်ခိုးရန်ကြိုးစားသည့် အမျိုးသားတစ်ဦးကို ပြည်သူများဝိုင်းဝန်းဖမ်းဆီးခဲ့သည့်ဖြစ်စဉ် ယနေ့ နံနက် ရှစ်နာရီခန့်က ပူတာအိုမြို့တွင်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ပူတာအိုမြို့ လေယာဉ်ကွင်းနံနက်ဈေးကြီးတွင် ရပ်ထားသောဆိုင်ကယ်ကို ခိုးယူရန်ကြိုးစားနေသောအမျိုးသားကို ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အဖွဲ့လိုက်ခိုးယူများဖြစ်နိုင်ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့်အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အဲ့အမျိုးသားက ဆေးသမားဟုတ်တယ်။ အရင်ကလည်းခိုးနေကြဆိုတော့ ဒီမနက်လည်းဈေးကြီးနားမှာ ခိုးဖို့လုပ်နေတော့ အနားကတွေ့လိုက်လို့ဖမ်းထားတာဟုတ်တယ်။ သူတို့က လေးယောက်အဖွဲ့၊ ငါးယောက်အဖွဲ့တွေရှိတယ်။ ခိုးခံလိုက်ရပြီဆိုရင် ပြန်ရဖို့တော့မရှိတော့ဘူး။ ဈေးမှာလူများလို့သူကထွက်ပြေးချိန်မရလိုက်လို့ဖမ်းခံရတာ။ သူတစ်ယောက်ကိုပဲဖမ်းလိုက်နိုင်တာ၊ ခိုးနေတဲ့အချိန်မိလိုက်တယ်” ဟုပြောသည်။

ဆိုင်ကယ်ခိုးရန်ကြိုးစားသည့်အမျိုးသားသည် အသက် ၃၀ ကျော်အရွယ် လုံရှာယန်ကျေးရွာတွင်နေထိုင်သူဖြစ်ကြောင်း လေယာဉ်ကွင်းရပ်ကွက်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဒီလိုမျိုးက မကြာခဏဖြစ်တယ်။ တစ်လမှာ နှစ်ခါသုံးခါတော့ဖြစ်တယ်။ အဲ့ဆိုင်ကယ်ထားတဲ့နေရာတွေမှာဖြစ်တာ၊ အတိအကျတော့မသိရဘူး။ အသိတွေကနေလည်းပျောက်တာရှိတယ်။ ဒီလမှာတော့ နှစ်ခါခိုးခံရတယ်လို့ကြားရတယ်၊ ခိုးခံရတာတွေက အဲ့နေရာနားတွေမှာပဲ”ဟုပြောသည်။

အဆိုပါအမျိုးသားကို လက်ရှိအချိန် လေယာဉ်ကွင်းအုပ်ချုပ်ရေးမှူးရုံးတွင်ဖမ်းဆီးထားကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လကလည်း ပူတာအိုမြို့ မူလာရှီးဒီရပ်ကွက်ဈေးတွင် တစ်သောင်းကျပ်တန်ငွေစက္ကူအတုများဖြင့် ဈေးလာဝယ်သည့် အမျိုးသားတစ်ဦးကို ပြည်သူများဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ