လူအများရှေ့တွင် အမျိုးသားတစ်ဦးကို အမည်မသိအမျိုးသားလေးဦးက ဓားဖြင့်ထိုးပြီး ကားတစ်စီးလုယက်သွားသည့်ဖြစ်စဉ် မြစ်ကြီးနားမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ဒေသအခေါ် နောင်ရာပါ ကားဝပ်ရှော့အနီး ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေ လေးနာရီခွဲခန့်က ဓာထိုးလုယက်ခဲ့ခြင်းဖြစ်ပြီး ကားတစ်စီးအပါအဝင် ကားအတွင်းရှိ ငွေကျပ်သိန်း ၈၀ ပါသွားကြောင်း လုယက်ခံရသည့် အမျိုးသားက The 74 Media ကိုပြောသည်။

“ကျွန်တော်ကားအပြင်မှာဘေးမှာ ထိုင်နေတဲ့အချိန်ဖြစ်သွားတာ၊ နှစ်ယောက်ကကျွန်တော့ဆီလာပြီး လွယ်အိတ်ကဓားထုတ်ပြီးထိုးလိုက်တာ၊ ဓားကဓားမြှောင်ထက်လည်းရှည်တယ်။ တစ်ပေလောက်ဟုတ်မယ်ထင်တယ်။ ကျွန်တော်လဲကျသွားလို့မထိလိုက်ဘူး။ ကျွန်တော်လည်းထွက်ပြေးသွားတာ၊ အနားမှာလည်းဘောလုံးကန်နေတဲ့လူတွေအများကြီးပဲ၊ အားလုံးထွက်ပြေးသွားတယ်။ သူတို့ကမျက်နှာဖုံးတွေလည်းမစွပ်ဘူး။ လူကိုတွေ့ရင်တော့သေချာမှတ်မိတယ်” ဟုပြောသည်။

လုယက်ခဲ့သော အမျိုးသားလေးဦးတွင် ဓားထိုးသူအမျိုးသားမှာ စစ်အင်္ကျီဝတ်ဆင်ထားပြီး အရပ် ၅ ပေ ၆ လက်မခန့်ရှိကြောင်း သူကပြောသည်။

လုယက်ခံရသည့်ကားမှာ ၂၀၀၇ ခုနှစ်ထုတ် တိုယိုတာအမျိုးအစား၊ ခရောင်း (crown) မော်ဒယ်လ် အဖြူရောင်အမျိုးအစားကားဖြစ်ပြီး ကားအတွင်းရှိ ငွေ သိန်း ၈၀ အပါအဝင် အချောသတ်ထားသည့် ကျောက်စိမ်းများလည်းပါသွားကြောင်း သိရသည်။

အဆိုပါကား အနောက်ဘယ်ဘက်ခြမ်းတွင် စင်းရာနှစ်ကြောင်းပါရှိကြောင်းသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ကက်သလစ်ဘုရားကျောင်းဝင်းအတွင်း ဘုန်းကြီးဆရာတော်၏ HONDA FIT ခဲရောင်ကား ခိုးယူခံခဲ့ရကြောင်း သိရသည်။

သတင်း – Doi Awng

ပုံ – အမည်မသိအမျိုးသားလေးဦးက လုယက်သွားသည့်ကားကိုတွေ့ရစဉ်။

သင့်ထင်မြင်ချက်ရေးပေးပါ