လမ်းလုပ်သားများ ဓားပြတိုက်ခံရသောကြောင့်ဟုဆိုကာ လုပ်ငန်းရပ်နားထားသဖြင့် မိုးမောက် – လွယ်ဂျယ်လမ်း ယာဉ်မောင်းများ အခက်အခဲကြုံနေရသဖြင့် အမြန်ဆုံးလာရောက်ပြုပြင်စေလိုကြောင်း သိရသည်။

မိုးမောက် – လွယ်ဂျယ်လမ်းပိုင်းကို နိုင်လွန်ကတ္တရာခင်းရန် မြေအကြမ်းထိုးပြီးနောက် ဆက်လက်ဆောင်ရွက်ခြင်းမရှိဘဲ ရပ်နားထားဖြင့် လမ်းပိုင်းအချို့နေရာများတွင် သွားလာရအလွန်ခက်ခဲနေသည်ဟု ကုန်တင်ယာဉ်မောင်း တစ်ဦးက The 74 Media ကို ပြောသည်။

“ကုမ္ပဏီကလမ်းကိုအကြမ်းထိုးပလိုက်တာဗျာ၊ အခုအချိန်ထိလမ်းက အချောလည်းပြန်မသတ်ဘူး။ အဲဒီလိုထိုးထားတာ တစ်လကျော်ရှိပြီ။ လမ်းထိုးထိုးချင်းတော့ မောင်းရတာဘယ်လောက်မှမကြာဘူး မိုးရွာလိုက်ရင်တော့ တော်တော်သွားရတယ်။ (လမ်းက) ခါတိုင်းလိုပါပဲဗျာ ထိုးပြီးလည်း ဒီပုံစံ၊ မထိုးပြီးလည်း ဒီပုံစံပဲ” ဟုဆိုသည်။

လမ်းစတင်ပြုပြင်စဉ်က မြေညှိထားချိန် ကောင်စွာသွားလာနိုင်သော်လည်း ဆက်လက်ဆောင်ရွက်ခြင်း မရှိသဖြင့် လက်ရှိအချိန်တွင် လမ်းများပျက်စီးလာပြီး အခက်အခဲများကြုံတွေ့နေရကြောင်း ယာဉ်မောင်းတစ်ဦးက ပြောသည်။

“အရင်က ကျွန်တော်တို့ကားတွေမှာ ပျက်ဆီးမှုလည်းများတယ် ဆုံးရှုံးမှုလည်းများတယ်။ သူတို့လမ်းတွေ ပြင်ပြီးနောက်ပိုင်းမှာ တော်တော်လေးလည်းကောင်းတယ်ဗျ။ အဆင်လည်းပြေကြတယ်။ ကားသမား အကြီးရော၊ အသေးရော အကုန်ပျော်ကြတယ်။ အခုသူတို့မပြင်ဆင်တဲ့နောက်ပိုင်းမှာတော့ ကားသမားတွေကတော့ အခက်အခဲဖြစ်သွားတာပေါ့” ဟုပြောသည်။

လမ်းစီမံကိန်းကို Hong Xiang Zhang Ba Constrution ကုမ္ပဏီက လုပ်ဆောင်နေခြင်းဖြစ်ပြီး လမ်းလုပ်သားများ ဓားပြတိုက်ခံရပြီး တရုတ်နှစ်သစ်ကူးနီးကပ်လာသောကြောင့် ယာယီရပ်နားထားခြင်းဖြစ်သည်ဟု ကုမ္ပဏီနှင့် နီးစပ်သူတစ်ဦးကပြောသည်။

“နားတယ်ဆိုတာက စောနားသွားတဲ့သဘောပါပဲ။ ခါတိုင်းဆိုလည်း နှစ်သစ်ကူးဆိုလို့ရှိရင်နားတယ်ပေါ့။ စောနားသွားတာကတော့ ခုနကလိုမျိုး (ဓားပြတိုက်ခံရမှုဖြစ်စဉ်ကြောင့်) ဖြစ်သွားတာပေါ့။ နှစ်သစ်ကူးပြီးတာနဲ့ အမြန်ဆုံးတော့စချင်တယ်၊ ဒါပေမဲ့ အခြေနေအမျိုးမျိုးကြောင့်ဆိုတော့လုပ်ဖို့လည်း ရက်အတိအကျကြီးတော့ ပြောလို့မရနိုင်ဘူး” ဟုဆိုသည်။

မိုးမောက် – စိန်လုံ – လွယ်ဂျယ်လမ်း ၄၇ မိုင် ၄ ဖာလုံ လမ်းပိုင်းကို နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်မည်ဖြစ်ပြီး လမ်းအကျယ် ပေ ၃၀ ရှိမည်ဖြစ်ကြောင်းလည်း သိရသည်။

လွယ်ဂျယ်မြို့မှာ ကချင်ပြည်နယ်အတွက် အဓိကကျသည့် တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်ရှိရာ နယ်စပ်မြို့တစ်မြို့ဖြစ်ပြီး တရုတ်ပြည်ဘက်သို့တင်သွင်းသည့် ကုန်စည်အများစုမှာလည်း လွယ်ဂျယ်မြို့မှတစ်ဆင့် ဝင်ရောက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ကုန်သွယ်ရေးစခန်း ၁၈ ခုရှိပြီး လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှာ ကချင်ပြည်နယ်၏ ဒုတိယအကြီးဆုံးသော ကုန်သွယ်ရေးစခန်းတစ်ခုလည်း ဖြစ်သည်။

သတင်း – Thu Ta

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ