ရှမ်းနီအမျိုးသားတပ် (SNA)မှ တပ်စိတ်မှူးအဆင့်ရှိသူတစ်ဦး သည် ခန္တီးခရိုင် အမှတ် – ၃ တပ်ရင်း (HPDF -124) ထံ လက်နက်နှင့် အတူအလင်းဝင်လာခဲ့ကြောင်းသိရသည်။

လက်နက်များနှင့်အတူ ထွက်ပြေးလာပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ အလင်းဝင်ရာက်ခဲ့သောကြောင့် ငွေကျပ်သိန်းသုံးဆယ် ချီးမြင့်ခဲ့သည်ဟု ခန္တီးခရိုင် အမှတ် – ၃ တပ်ရင်း (HPDF -124)မှ ကိုချာလီက The 74 Media ကိုပြောသည်။

“စစ်ကောင်စီတွေပူးပေါင်းပြီးတော့ လူထုတွေကို ဖိနှိပ်ရတာတွေမလုပ်ချင်တော့လို့တဲ့။ သူက သူတို့တပ်ကနေ ထွက်ပြေးပြီးတော့ ကျွန်တော်တို့ဂိတ်ကိုဝင်လာပြီး လက်နက်လာအပ်တာ အလင်းဝင်လာတာပါ။ အခုလည်း ကျန်းကျန်းမာမာပါပဲ သူ့ကိုချုပ်နှောင်ထားတာမျိုးလဲ မလုပ်ပါဘူး” ဟုပြောသည်။

အလင်းဝင်ရောက်ခဲ့သည့် အသက် ၂၆ နှစ်ခန့်အရွယ်ရှိ တပ်စိတ်မှူး၏ မိသားစုလုံခြုံရေးကြောင့် အမည်နှင့် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်စခန်းများကို ပြောကြားမည်မဟုတ်ကြောင်း သူကပြောသည်။

အဆိုပါ တပ်စိတ်မှူးက AK 22 ဒင်ခေါက်တစ်လက်၊ ကျည်ဘောက် နှစ်ခုနှင့် ကျည် ၁၅ တောင့်ဖြင့် အလင်းဝင်လာခြင်းဖြစ်ကြောင်းသိရသည်။

စစ်အာဏာရှင်စနစ်ကို တော်လှန်ရာတွင် ရှမ်းနီအမျိုးသားများတပ် (SNA) က စစ်ရေးပစ်မှတ် မဟုတ်သောကြောင့် အလင်းဝင်ရောက်ပူးပေါင်းလိုသည့် မည်သူကိုမဆို ဖိတ်ခေါ်ပြီး ဝင်ရောက်လာသူများကိုလည်း နိုင်ငံတကာဥပဒေများအရ လူ့အခွင့်အရေးနှင့် စစ်သားဂုဏ်သိက္ခာများကို အပြည့်အဝ ခံစားစေရပါမည်ဟု ယနေ့ထုတ်ပြန်ခဲ့သည်။

ခန္တီးခရိုင် အမှတ် – ၃ တပ်ရင်း (HPDF -124) ထံ SNA တပ်ဖွဲ့ဝင်တစ်ဦး ယခုကဲ့သို့ အလင်းဝင်လာခဲ့သည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

သတင်း – Dureng

ဓာတ်ပုံ – ခန္တီးခရိုင် အမှတ် – ၃ တပ်ရင်း (HPDF -124) FB page

သင့်ထင်မြင်ချက်ရေးပေးပါ