ကန်ပက်လက်မြို့နယ်မှ စစ်ရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါခံစားနေရပြီး အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိကြောင်း သိရသည်။

ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကြောင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက စတင်ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် စစ်ရှောင်ပြည်သူသုံးထောင်ဝန်းကျင်ခန့်ရှိပြီး အစားအသောက်နှင့် ဆေးဝါးအကူညီများလိုအပ်နေသည်ဟု စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ရှောင်တစ်ယောက် ဝမ်းပျက်၊ ဝမ်းလျှောဖြစ်လို့ တနေ့က တစ်ယောက်သေတယ်။ ကျန်တဲ့လူတွေလည်းဖြစ်တယ် ပြင်းထန်နေတယ်ပေါ့။ အဓိက ရေနဲ့ အိမ်သာကြောင့်ဖြစ်နေတာ။ နောက်ပြီးတောထဲဆိုတော့ ခြင်တွေလည်းအရမ်းကိုက်တော့ ငှက်ဖျားတွေလည်း ဖြစ်ကြတယ်” ဟုဆိုသည်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် ကျင်ဒွေးမြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရသည်မှာ ၄၅ ရက်ခန့်ရှိပြီဖြစ်သည်။

လုံလောက်သည့် အကူအညီများမရရှိသည့်အပြင် ကန်ပက်လက်မြို့နယ်တွင် စစ်ရှောင်ဦးရေမှာ ယခင်ထက် ပိုမိုများပြားလာသောကြောင့် အခက်အခဲများစွာကြုံနေရသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ဒီကျင်ဒွေးနဲ့နီးတဲ့ရွာတွေဆိုတော့ သူတို့လေကြောင်းအန္တရာယ်ကြောက်လို့ဆိုပြီးတော့ တောထဲ၊ တောင်ထဲတွေ၊ ဥယျာဉ်ခြံတွေမှာနေကြတာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ရှာဖွေစားသောက်ကြရတာပေါ့။ စစ်ရှောင်ရတာဆိုကတည်းကတော့ နေရေး၊ စားရေး၊ သောက်ရေးကတော့ အကုန်လုံးအခက်ခဲဖြစ်တယ်” ဟုဆိုသည်။

ထို့ကြောင့် နိုင်ငံတကာရောက် ကန်ပက်လက်ဒေသခံများက မှတ်တမ်းရုပ်ရှင်ကြည့်ရှုနိုင်သည့် လက်မှတ်များ ဝယ်ယူကာ စစ်ရှောင်ပြည်သူများကို ကူညီလှူဒါန်းနိုင်ရန် Kanpetlet Freedom Fund ဟူသည့် ဝက်ဘ်ဆိုက်ကို ပူးပေါင်းတည်ထောင်ထားကြောင်း တာဝန်ခံတစ်ဦးကပြောသည်။

“မှတ်တမ်းရုပ်ရှင် (Documentary Video) ကြည့်ဖို့ရန်အတွက် လက်မှတ်ဝယ်ချင်တဲ့သူရော ပြီးတော့လှူချင်တဲ့ သူရော။ လှူချင်တယ်ဆိုတဲ့နေရာမှာ အကြီးကြီးမစဉ်းစားပဲ ဒေါ်လာ ၁ ကျပ်လှူချင်လည်းရတယ်။ ဒေါ်လာတစ်ကျပ် ဆိုရင်လည်း စစ်ဘေးဒုက္ခသည်အတွက် ထမင်းတစ်နပ်စာဖြစ်တယ်ပေါ့ဗျာ” ဟုဆိုသည်။

www.kanpetletfreedomfund.site တွင်မှတ်တမ်းရုပ်ရှင်လက်မှတ် ဝယ်ယူရန် အမျိုးသားညီညွတ်ရေးအစိုးရ၏ NUG Pay နှင့် SDB အပါအဝင် နိုင်ငံတကာတွင်အသုံးပြုသည့် ငွေပေးချေစနစ်များကိုလည်း အသုံးပြုနိုင်ကြောင်း သိရသည်။

ကန်ပက်လက်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသခံပြည်သူများက ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မေလ နောက်ပိုင်းမှစတင်ကာ စစ်ဘေးတိမ်းရှောင်ခဲ့ကြောင့် စစ်‌ရှောင်ပြည်သူ ရှစ်ထောင်ခန့်ရှိကြောင်း သိရသည်။

သတင်း – Thu Ta

ဓါတ်ပုံ – Khonumthung Media Group

သင့်ထင်မြင်ချက်ရေးပေးပါ