ရေဦးမြို့နယ်သို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ည ၁၁ နာရီခွဲခန့်တွင် ဒေသခံအမျိုးသားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညသန်းခေါင်ယံတွေ မထင်မှတ်ဘဲစစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် ယနေ့ နံနက်တွင် လည်လှီးသတ်ဖြတ်ခံထားရသည့် ကုက္ကိုစုကျေးရွာမှ ဒေသခံနှစ်ဦး၏ရုပ်အလောင်းကို တွေ့ရှိခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့(စစ်ကောင်စီ)ထွက်သွားတော့မှ တွေ့တာ အလောင်းကတော့၊ သူတို့ မျက်နှာမှာတွေရော နှိပ်စက်ထားတယ်ဗျာ။ ပြီးတော့ ဗိုက်မှာတွေရော ကန်ထားတာလားမသိဘူး ရောင်နေတယ် နှစ်ယောက်လုံးကို လည်ပင်းလှီးသွားတာ တစ်ဝက်လောက်ထိလှီးတာ ပြတ်တော့ပြတ်မသွားဘူး” ဟုပြောသည်။

သတ်ဖြတ်ခံခဲ့ရသည့် အသက် ၂၈ နှစ်ခန့်အရွယ်ရှိ ကိုဇော်သိန်းထိုက်နှင့် အသက် ၃၁ နှစ်ခန့်အရွယ်ရှိ ကိုသိန်းသန်းကြွယ်တို့၏ ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းက မီးသင်္ဂြိုဟ်ခဲ့ကြောင်းသိရသည်။

အင်အား ၈၀ ခန့်ပါရှိသည့် အဆိုပါစစ်ကောင်စီစစ်ကြောင်းမှာ ရေဦးမြို့တိုင်းရင်းဆေးရုံမှထွက်လာပြီး ခင်ဦးမြို့နယ်နှင့် ရေဦးမြို့နယ်အတွင်း လှည့်လည်သွားလာနေသော စစ်ကြောင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“ဘီလူးစစ်ကြောင်းလို့ခေါ်တာ မူးလာကနေထွက်ပြီး ကုက္ကိုစုကိုဝင်ပြီး အဲ့လိုလုပ်သွားတာ။ အဲ့စစ်ကြောင်းက လေးရက်နေ့က မူးမြစ်ကိုကူးပြီး ရွာသစ်ကုန်းပြီးတော့ သဲကုန်းကြီးရွာဝင်မီးရှို့တာ။ အဲ့ရွာမှာညအိပ်ပြီးတော့ မူးသာကိုဝင်ပြီးတော့မှ ကုက္ကိုစုကိုဝင်ပြီး ပြည်သူနှစ်ယောက်ကိုသတ်သွားတာ” ဟုပြောသည်။

အဆိုပါစစ်ကြောင်းမှာ ယနေ့နံနက်ပိုင်းက ရေဦးမြို့ တိုင်းရင်းဆေးရုံအတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီးဖြစ်ကြောင်း သိရသည်။

ရေဦးမြို့နယ်၊ မစိုးရိမ်ကျေးရွာကိုလည်း ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဒေသခံ ငါးဦးကို သတ်ဖြတ်သွားခဲ့သည်။

သတင်း – Dureng

သင့်ထင်မြင်ချက်ရေးပေးပါ