စစ်ကောင်စီစစ်ကြောင်းက ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် ဖားကန့်မြို့နယ်၊ မအူပင်ကျေးရွာရှိ နေအိမ် ၁၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဘာသာရေးဆရာတစ်ဦးအပါအဝင် ပြည်သူအချို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက်ခဲ့သည့် စစ်ကောင်စီစစ်ကြောင်းက ဒေသခံပြည်သူတို့၏ နေအိမ်နှင့် မီးဖိုချောင်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု မအူပင်ကျေးရွာ ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။

“မနက်မိုးလင်းတာနဲ့ ဒီတိုင်းထမင်းဟင်းချက်စားပြီး ရွာသားတွေအကုန်လုံး ဒီအတိုင်းနေနေကြတာကို လက်နက်ကြီးနဲ့ သေနတ်တွေပစ်ပြီး ရွာထဲကို စစ်သားတွေဝင်လာတော့ အကုန်လုံး ကြောက်ပြီး ပြေးဝပ်နေကြတာ။ အိမ်တွေရော မီးဖိုချောင်တွေရော အကုန်လုံး မီးရှို့ပေးလိုက်တာ” ဟုပြောသည်။

နေအိမ်ကို မီးရှို့ဖျက်ဆီးပြီးနောက် အဆိုပါ စစ်ကောင်စီစစ်ကြောင်းက သိက္ခာတော်ရဆရာ ဦးလဟီတူးလွမ်ဆိုသူနှင့် ဒေသခံအမျိုးသားများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကားမိုင်းမြို့ခံတစ်ဦးက ပြောသည်။

“ဒီမနက်ကတည်း ရွာသားတွေ လယ်တောမှာ သွားရှောင်နေကြတယ်တဲ့။ အိမ်တွေအကုန်မီးရှို့ပြီးတော့ ဘာသာရေး အမှုထမ်းတွေ ရွာသားတွေကို ဖမ်းခေါ်သွားတာ အရေအတွက် အတိအကျတော့ မသိရသေးဘူး” ဟု ပြောသည်။

စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားသူ လေးယောက်ရှိသည်ဟု ကနဦးသိရသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။

မအူပင်ကျေးရွာတွင် ယနေ့ နံနက် ၄ နာရီခန့်ကလည်း လက်နက်ကြီး ပစ်ခတ်သံ သုံးချက်ခန့် ကြားခဲ့ရကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အင်အား ၅၀ ခန့်က ယနေ့နံနက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဖားကန့်မြို့နယ်၊ မအူပင်ကျေးရွာသို့ လက်နက်ကြီးပစ်ခတ်ကာ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံပြည်သူများမှာလည်း နီးစပ်ရာနေရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် မအူပင်ကျေးရွာရှိနေအိမ်လေးလုံးနှင့် KBC ဘုရားကျောင်းဝင်းရှိ စားဖိုဆောင် ပျက်စီးခဲ့ကြောင်း သိရသည်။

သတင်း – Pan Soon

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ