မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်ရှိ တစ်ပါတ်ရစ်ဖုန်းအရောင်းဆိုင်တစ်ခု ယမန်နေ့ညကဖောက်ထွင်းခံခဲ့ရကြောင်း သိရသည်။

ဆိုင်ရှိပစ္စည်းများအားလုံး ခိုးယူခံခဲ့ရပြီး ယမန်နေ့ည မိုးသည်းထန်စွာရွာသွန်းနေချိန် ဖောက်ထွင်းခံခဲ့ရခြင်း ဖြစ်နိုင်သည်ဟု ဆိုင်ရှင်ဖြစ်သူက The 74 Media ကိုပြောသည်။

“မိုးလည်းအရမ်းရွာနေတဲ့အချိန်ဖြစ်မယ် ဘယ်သူမှ ဘာမှမကြားလိုက်ဘူးဖြစ်တာနေမယ်။ ပြီးတော့သူတို့တွေ အချိန်အများကြီးရတယ်နဲ့တူတယ် အကုန်ဝင်ကြည့်ပြီးမှယူတာ။ ဖုန်းတွေ၊ ငွေတွေ ကျွန်တော့်ကွန်ပျူတာတွေ အကုန်ယူသွားတာ ကွန်ပျူတာအပျက်တစ်လုံးကျန်ခဲ့တယ်။ အဲ့ဒါတောင် ပျက်နေတာသိလို့နေမယ်” ဟု ပြောသည်။

ဖောက်ထွင်းခံခဲ့ရသည့် ရမ်ပူရပ်ကွက် KT ကြက်ဆိုင်အနီးရှိ Ko Lat Second Mobile Phone ဆိုင်မှ ဖုန်းအလုံး ၃၀၊ ကွန်ပျူတာ HP တစ်လုံးနှင့် ကောင်တာအတွင်းရှိငွေများ အားလုံးခိုးယူခံခဲ့ရပြီး လျှပ်စစ်မီးပြတ်တောက် နေသဖြင့် CCTV မှတ်တမ်းလည်း မရှိကြောင်း သူကပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး နယ်ထိန်းရဲစခန်းတွင် တိုင်ကြားထားပြီးဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင်း နေအိမ်ဖောက်ထွင်းခံရမှု၊ ဆိုင်ကယ်နှင့် ကားပျောက်ဆုံးမှုများ မကြာခဏဖြစ်ပေါ်နေပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ ရက်နေ့ နံနက်ပိုင်းကလည်း တပ်ကုန်းရပ်ကွက်၊ ရွှေလမ်းမကြီးရှိ နေအိမ်တစ်အိမ်မှ ဆိုင်ကယ် လေးစီးခိုးယူခံခဲ့ရသည်။

သတင်း – Zami

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ