ရခိုင်ပြည်နယ်၊ မင်းပြားနှင့် မောင်တောမြို့ရှိ စစ်ကောင်စီတပ်စခန်းသုံးခုကို ရက္ခိုင့်တပ်တော်(AA) က ယမန်နေ့က သိမ်းပိုက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

မင်းပြားမြို့ရှိ ခြေမြန်တပ်ရင်း ခမရ (၃၇၉) နှင့် (၅၄၁) တို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဘင်္ဂလာဒေ့ရှ် – မြန်မာနယ်စပ်၊ မောင်တောမြို့ရှိ တောင်ပြို (လက်ဝဲ) စခန်းကိုလည်း ထိုးစစ်ဆင်သည့် သုံးရက်မြောက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

ရက္ခိုင့်တပ်တော် (AA) ထိုးစစ်ကြောင့် အဆိုပါတောင်ပြိုစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်သည် လက်နက်အပြည့်အစုံဖြင့် ဘင်္ဂလာ‌‌ဒေ့ရှ်နိုင်ငံအတွင်း ထွက်ပြေးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

စခန်းသိမ်းတိုက်ပွဲ သုံးခုအတွင်း နှစ်ဖက်အကျအဆုံးကိုမူ ထုတ်ပြန်ချက်တွင် ထည့်သွင်းရေးသားထားခြင်းမရှိပေ။

ရခိုင်ပြည်နယ်အတွင်းရှိ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ အခြားတပ်ရင်းများကိုလည်း AA က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး လက်နက်ချအညံ့ခံသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာနေကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကျောက်ဖြူမြို့ GTI ကျောင်းအနီးတွင် စခန်းချတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဂုံးချွိန်ကျေးရွာမှ အသက်အပြည့်သေးသည့် ကျောင်းသားနှစ်ဦး၊ အသက် ၁၇ နှစ်ခန့်အရွယ်ရှိ လူငယ်တစ်ဦး၊ အသက် ၅၃ နှစ်ခန့်အရွယ်ရှိ စျေးသည်အမျိုးသမီးနှင့် ကျောက်ဖြူမြို့မစျေးသို့လှေဖြင့်သွားသော ဈေးသည်များကို ယမန်နေ့က ဖမ်းဆီးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၃၈၀) ကိုလည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်နေ့က သိမ်းပိုက်ခဲ့သဖြင့် မင်းပြားမြို့ရှိ တပ်ရင်းစခန်းအားလုံးကို ရက္ခိုင့်တပ်တော်(AA) က သိမ်းပိုက်လိုက်ပြီဖြစ်သည်။

သတင်း – Dureng

ဓာတ်ပုံ – ရက္ခိုင့်တပ်တော် (AA) က ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်နေ့တွင် ကျောက်တော်အခြေစိုက် ခ.မ.ရ (၃၇၄) တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်စဉ် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းအချို့

 

သင့်ထင်မြင်ချက်ရေးပေးပါ