အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် K3C ၏ “ဘုံသဘောထား ရပ်တည်ချက်” တွင် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့နှင့် မဟာမိတ်အဖွဲ့အစည်းများ၏ သဘောတူညီမှုပါဝင်လာရန် ဆက်လက်ကြိုးပမ်းရမည်ဟု NUG ယာယီသမ္မတက ယနေ့ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားလိုက်ကြောင်းသိရသည်။

“ဘုံသဘောထား ရပ်တည်ချက်” ၏ အဓိကရည်မှန်းချက် နှစ်ရပ်ဖြစ်သည့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးကို လက်ရှိ (K3C) ဟုခေါ်သော KIO, KNU, KNPP, CNF တို့နှင့် သဘောတူညီချက် ခိုင်ခိုင်မာမာရရှိထားကြောင်း ဖော်ပြထားသည်။

ထို့အပြင် အစည်းအဝေး မိန့်ခွန်းတွင် “ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေဟာ ဒီဘုံသဘောထားရပ်တည်ချက်မှာ တိုက်ရိုက်ပါဝင်လာစေရေးကို အစဉ်တစိုက် ကြိုးပမ်းတည်ဆောက်ရမှာ ဖြစ်ပါတယ်။ နယ်မြေအလိုက်၊ လူမျိုးစုအလိုက်၊ အဖွဲ့အစည်းအလိုက် ကွဲပြားတဲ့အမျိုးသားရေး ရည်မှန်းချက်တွေကို ဖက်ဒရယ်အခြေခံမူတွေအပေါ်မှာ ရပ်တည်ပြီး ဝိုင်းဝန်းပေါင်းစည်းနိုင်ကြဖို့ ကျွန်တော့်အနေနဲ့ အထူး မျှော်လင့်ပါတယ်” ဟုပြောကြားခဲ့သည်။

မြန်မာနိုင်ငံ မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့ရှိ ကချင်၊ ကရင်၊ ကရင်နီနှင့် ချင်း တိုင်းရင်းသားခေါင်းဆောင်များနှင့် သဘောတူညီမှုရရှိထားသည်များကိုလည်း ဆက်လက်ကြိုးပမ်းရမည်ဖြစ်ပြီး မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့၏ အခန်းကဏ္ဍမှာလည်း အလွန်အရေးကြီးသည်ဟု ပြောကြားခဲ့သည်။

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) အပါအဝင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့က ဦးတည်ချက် ခြောက်ချက်ပါရှိသည့် ဘုံသဘောထားရပ်တည်ချက်ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါဘုံသဘောထားရပ်တည်ချက်တွင် လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်၊ ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကိုအခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန်နှင့် မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်စသည့်အချက်များပါဝင်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ