လိုင်ဇာမြို့အနီးရှိ အင်တပ်ဘွမ် (Ntap Bum) မှ ဆင်းလာသော စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့ ယနေ့ မွန်းလွှဲ ၁ နာရီခွဲခန့်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြစ်ကြီးနား – ဗန်းမော်လမ်းရှိ နားလုံနှင့် ရှဒန်ပါကျေးရွာအနီးတွင် စစ်ကောင်စီခြေလျင်တပ် (ခ.လ.ရ – ၂၃၆) နှင့် KIA တပ်ရင်း ၂၄ တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု KIA တပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“အင်ဒပ်ဘွမ်းကနေ ခရာရွာအောက် ရှာဒန်ပါဘက်ဆင်းလာတဲ့ တံတားကြီးတစ်ခုနားမှာ ကျွန်တော်တို့အဖွဲ့တွေနဲ့ စစ်ကောင်စီတွေ့ပြီး တိုက်ပွဲဖြစ်ကြတာ။ စစ်ကောင်စီတွေက မိုင်းမိတော့ စိတ်တိုပြီးလက်နက်ကြီးတွေ ပစ်ကြတာ” ဟုပြောသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ဖွန်းပြန်ဘွမ် (Hpun Pyen Bum) ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညနေ ၅ နာရီခန့်အထိ အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံပြည်သူများထံက သိရသည်။

ဝိုင်းမော်မြို့နယ် ကဇူးယန်ကျေးရွာအနီးတွင်လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့က ရိက္ခာပို့ရန်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်မဟာ (၅) လက်အောက်ရှိ တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

သတင်း – Dureng

ဓါတ်ပုံ – AFP

သင့်ထင်မြင်ချက်ရေးပေးပါ