တော်လှန်ရေးအင်အားစုက သိမ်းပိုက်ထားသော ကောလင်းမြို့မှ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ တပ်ဆုတ်ထွက်ပြေးသွားပြီဟု စစ်ကောင်စီတပ်ကဝါဒဖြန့်နေသည်မှာ မမှန်ကန်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။

ကောလင်းမြို့ကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေသော်လည်း လက်ရှိအချိန်ထိ မြို့အနီးသို့ ရောက်ရှိလာနိုင်ခြင်းမရှိသေးဘဲ တိုက်ပွဲပြင်းထန်နေသည်ဟု ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။

“စကစ(စစ်ကောင်စီ)တွေ မြို့ထဲမဝင်နိုင်ပါဘူး ကပ်တောင်မကပ်နိုင်ဘူး။ အခြေအနေကတော့ ဒီနေ့လည်း ချနေတာပဲ မနက်ကတည်းကချနေတာ။ နှစ်ဖက်အထိခိုက်အကျအဆုံးတွေတော့ရှိတယ် အခုချိန်အတိကျပြောလို့တော့ မရဘူး” ဟုပြောသည်။

မြို့အနီးသို့ကပ်နိုင်ရန် စစ်ကောင်စီတပ်က စစ်ကြောင်းခြောက်ကြောင်းဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“အရှေ့ပွိုင့်ကတော့ ဝါးရုံခုံတို့၊ ဆီဆုံတို့ကနေပြီးတော့ ထပ်တိုးနေပြီတဲ့။ မနက်ကထိတော့ ၅၀ လောက် တုံးလုံးပက်လက်တွေ လက်နက်တွေတော့ မကောက်ရသေးဘူး။ ဝန်းသိုဘက်ကနေ ဟောင်ဝစ်ဇာနဲ့ လှမ်းပစ်နေလို့ စကစတွေ တော်တော်အထိခိုက်ရှိသွားတာ။ စကစတွေကတော့ အဲ့လိုသတင်းအမှားတွေ လျှောက်ဖြန့်” ဟုဆိုသည်။

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေပြီး မြေပြင်တွင် တိုက်ပွဲပြင်းထန်နေသော်လည်း စစ်ကောင်စီဝါဒဖြန့်သတင်းဌာနများတွင် ကျားဘီလူးစစ်ကြောင်း ကောလင်းမြို့အတွင်းဝင်ရောက်နေပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များက တပ်ဆုတ်ထွက်ပြေးသွားသည်ဟု ရေးသားဖော်ပြနေသည်။

ယနေ့နံနက် ခုနှစ်နာရီခန့်တွင်လည်း ကောလင်းမြို့အနောက်ဖက်ရှိ ညောင်ပင်သာကျေးရွာနှင့် ကျောက်ကာကျေးရွာကြားတွင် တိုက်ပွဲတစ်ကြိမ်နှင့် ဇီးခုံကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဇီးခုံကျေးရွာနှင့် ဆီဆုံကျေးရွာတို့ကို မီးရှို့ခဲ့ကြောင်း သိရသည်။

ကောလင်းမြို့ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီ၊ ရှမ်းနီအမျိုးသားများတပ်(SNA)နှင့် ပျူစောထီးတပ်ဖွဲ့များက ပြန်လည်ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

သတင်း – Dureng

ဓာတ်ပုံ – ကောလင်းခရိုင် PDF

သင့်ထင်မြင်ချက်ရေးပေးပါ