ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့ကထပ်မံ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၉) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ (၃၇၈) တပ်ရင်းတစ်ခုလုံးကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း Three Brotherhood Alliance က ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း ကျောက်တော်မြို့ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၃၇၆) တပ်ရင်းကို သိမ်းပိုက်ခဲ့သည်။

ဘင်္ဂလားဒေ့ရ်နှင့် မြန်မာနိုင်ငံနယ်စပ် ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ စစ်ကောင်စီ၏ နယ်ခြားစောင့် တပ်စခန်းကိုလည်း ရက္ခိုင့်တပ်တော် (AA) က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့မှစတင် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက တစ်ဖက်နိုင်ငံသို့ ထွက်ပြေးဝင်ရောက်မှုများရှိနေကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာ နယ်စပ်တစ်လျှောက်ကို လေကြောင်းမှပစ်ကူတိုက်ခိုက်ရာတွင် လက်နက်ကြီးကျည်များ ဘင်္ဂလားဒေ့ရ်နယ်စပ်ဖက်ခြမ်းရှိ ကျေးရွာများသို့ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံအမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့သေဆုံးခဲ့ပြီး ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ