မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့တွင် ယမန်နေ့က ပျံ့နှံ့ခဲ့သော KIO အရာရှိများနှင့် ဘာသာရေးဆရာများကို ခြိမ်းခြောက်ထားသည့်စာအတွက် မိမိတွင်တာဝန်မရှိကြောင်း ဦးရွှေမင်းက ငြင်းဆိုလိုက်သည်။

မြစ်ကြီးနားမြို့တွင် ပျံ့နှံ့ခဲ့သောအဆိုပါစာတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) မှ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF၊ ဘာသာရေးဆရာများကို မြစ်ကြီးနားမြို့မှ ထွက်ခွာသွားရန် ခြိမ်းခြောက်ထားသည်။

အဆိုပါစာကိုရေးသားဖြန့်ဝေသူမှာ ဦးရွှေမင်းဟုတ်၊ မဟုတ်သိလိုကြောင်း ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က သူ၏ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာမှတဆင့် မေးခွန်းထုတ်ခဲ့ပြီး ၎င်းရေးသားထားသော စာမဟုတ်ကြောင်း ဦးရွှေမင်းက The 74 Media ကိုဖေဖော်ဝါရီ ၅ ရက် ညပိုင်းတွင်ပြောသည်။

“ကျွန်တော်တောင်မတွေ့မိသေးဘူး။ ခင်ဗျားပြောပြမှသိတော့တယ်။ ဂွမ်မော်တို့က ဒီမှာ(မြစ်ကြီးနားမြို့ပေါ်)မှမရှိတာ။ ထွက်သွားပြောလို့ဘာထူးမှာလည်း။ ဒါဘယ်သူများ ကောက်ရေးမှန်းမသိပါဘူး။ ဒါနိုင်ငံရေးလဲမဆန်ပါဘူး” ဟုပြောသည်။

ထို့အပြင် ဦးရွှေမင်းက နိုင်ငံရေး၊ စစ်ရေးခေါင်းဆောင်ဟူသည် ပုဂ္ဂိုလ်ရေးပုတ်ခတ်ပြောဆို၊ ရေးသားတိုက်ခိုက်မှု ဘယ်သောအခါမျှပြုမည်မဟုတ်ဟု သူ၏ဖေ့စ်ဘုတ်လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားတုန့်ပြန်ထားသည်။

အဆိုပါစာသည် ဦးရွှေမင်းမှ ထုတ်ပြန်ထားသောစာ ဟုတ်၊ မဟုတ် ပြောဆိုရန် ဖေဖော်ဝါရီလ ၈ ရက်နေ့ နောက်ဆုံးရက်သတ်မှတ်ပေးထားပြီး သတ်မှတ်ရက်အတွင်း ထုတ်ပြန်ထားခြင်းမရှိပါက ဦးရွှေမင်းထုတ်ပြန်သောစာအဖြစ် မှတ်ယူမည်ဖြစ်ကြောင်း ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က ၎င်း၏ဖေ့စ်ဘုတ်လူမှုကွန်ယက်စာမျက်နှာတွင် ယမန်နေ့ညက ရေးသားထားသည်။

ဒုဗိုလ်ချုပ်ကြီးဂွမ်မော်၊ PDF များနှင့် အသင်းတော်ဆရာများ မြစ်ကြီးနားမြို့နယ်အတွင်းမှ ၁၀ ရက်အတွင်းထွက်ခွာသွားကြရန်နှင့် ထွက်ခွာသွားခြင်းမရှိပါက အသက်အတွက် အာမခံချက် မပေးနိုင်ဟုဆိုသော ခြိမ်းခြောက်စာသည် ယနေ့နံနက်ပိုင်းက မြေမြင့်ကွက်သစ် ၊ ဂျန်မိုင်ကောင်းရပ်ကွက်၊ အေးမြသာယာရပ်ကွက်နှင့် စစ်ရှောင်စခန်းတို့တွင်ပြန့်နှံ့ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့က မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်ရှိ ဦးရွှေမင်း၏ နေအိမ်ပစ်ခတ်ခံရပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အလားတူ ဇန်နဝါရီ ၃၀ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ၏ နေအိမ်ရှေ့မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

သတင်း – Dureng

သင့်ထင်မြင်ချက်ရေးပေးပါ