ဖားကန့်မြို့ ကျောက်ဖျာကျေးရွာတွင် ယမန်နေ့ ညနေ (၅) နာရီခွဲခန့်က စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ပစ်ခတ်သံများ အဆက်မပြတ်ထွက်ပေါ်ခဲ့ကြောင်းသိရသည်။

စစ်ကောင်စီစစ်ကြောင်းထိုးလာသောကြောင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး ဖားကန့်မြို့၊ တပ်မကုန်းမှလည်း လက်နက်ကြီးပစ်ကူပေးနေကြောင်း လုံးခင်းဒေသခံ အသက်(၂၈) နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကောင်စီစစ်ကြောင်းက နန့်တိန်ဘက်ကိုထိုးနေတာလို့သိရတယ်။ ဒီနေ့မှာတော့ ကျောက်ဖျာနားမှာ တိုက်ပွဲဖြစ်သွားတယ်လိုကြားတယ်။ ပစ်ကူအနေနဲ့ထုံးစံအတိုင်း ဖားကန့်တပ်မကုန်းကနေ အလုံးရေ ၃၀ ကျော်မယ် ပစ်ပေးနေတယ်” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားနေချိန် လုံးခင်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းအနီးတွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများရှိကြောင်း လုံးခင်းဒေသခံ ကျောက်အရောင်းအဝယ်လုပ်သူတစ်ဦးက ပြောသည်။

“စာသင်ကျောင်းထဲလည်းကျတယ်လို့ပြောတယ်။ ကျောက်စိမ်းရုံးကိုလည်း ထိတယ်တဲ့။ စစ်ကောင်စီကကောင်တွေ ရှိတယ်လေ။ ကျောက်ဖျာဘက်ဖိလို့ ဒီမှာလာဆွတဲ့သဘော သက်ရောက်တယ်” ဟုပြောသည်။

ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ညစဉ်ပစ်ခတ်သံများကြားနေရပြီး ဖေဖော်ဝါရီလ ၄ နေ့ညကလည်း နန့်တိန်ကျေးရွာသို့ ချီတက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို KIA နှင့် KPDF ပူးပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့သည်။

နန့်တိန်စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA) က သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးနေသည့် ရုပ်အလောင်းနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ