စစ်အာဏာရှင်စနစ် အမြစ်ပြတ်ခြေမှုန်းပြီးနောက် အားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲတစ်ခုကျင်းပပြီး ပြည်သူအားလုံးလိုလားသည့် နိုင်ငံပြန်လည်တည်ထောင်သွားရမည်ဖြစ်ကြောင်း KIO ဥက္ကဋ္ဌက ပြောကြားလိုက်သည်။

ယနေ့ကျရောက်သည့် ၆၃ နှစ်မြောက် ကချင်တော်လှန်ရေးနေ့အထိမ်းအမှတ် ဗိုလ်ချုပ်ကြီးအင်ဘန်လ၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး အာဏာရှင်စနစ်အမြတ်ပြတ်သွားသည့်နောက် တိုင်းပြည်ကိုတည်ငြိမ်သည့်နည်းလမ်းဖြင့် ပြန်လည်တည်ဆောက်ရန် အရေးကြီးသည်ဟု ပြောကြားခဲ့သည်။

လက်ရှိစစ်အာဏာရှင်စနစ်ကို ဝိုင်းဝန်းတော်လှန်နေကြသော အဖွဲ့အစည်းများအားလုံးတွင် အမြင်သဘောထား တူညီနေရန်လိုအပ်ပြီး ပြည်ထောင်စုနိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားလူမျိုးစုအချင်းချင်းကြား ပဋိပက္ခများ ထပ်မံဖြစ်ပွားလာခြင်းမရှိအောင် သတိထားရမည်ဖြစ်ကြောင်း မိန့်ခွန်းတွင်ဖော်ပြထားသည်။

ထို့အပြင် စစ်အာဏာရှင်စနစ် ကျဆုံးသည်နှင့် ပြည်သူ၏ လုံခြုံရေ၊ အေးချမ်စွာနေထိုင်နိုင်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို ဦးစားပေးလုပ်ဆောင်ရမည်ဖြစ်ပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၏ အုပ်မြစ်ဖြစ်သော နိုင်ငံရေးဆွေးနွေးခြင်းနှင့် နယ်မြေဒေသအလိုက် ကိုယ်စားပြုခွင့်အတွက် မိမိနှင့်သက်ဆိုင်သည့် နေရာများကို ကိုယ်တိုင်တာဝန်ယူနိုင်ရန် အရေးအကြီးဆုံးဖြစ်ကြောင်း ပါဝင်သည်။

ထို့ကြောင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ခြေမှုန်းပြီးနောက် နိုင်ငံပြန်လည်တည်ဆောက်ရာတွင် တိုင်ရင်းသားလက်နက်ကိုင်အင်အားစု အချင်းချင်းကြား သမိုင်းကြောင်းကို အခြေတည်ကာ ညှိနှိုင်းဖြေရှင်းအဖြေရှာသွားရမည်ဖြစ်ကြောင်း မိန့်ခွန်တွင် ပြောကြားထားသည်။

လူငယ်လူရွယ်များအနေဖြင့် ကမ္ဘာ့သမိုင်းကိုပြန်ကြည့်လျှင်လည်း နိုင်ငံအများစု၏ အပြောင်းအလဲကို ဖော်ဆောင်ပေးနိုင်သည်မှာ လူငယ်များ၏စွမ်းရည်ကသာ အဓိကဖြစ်ပြီး အင်အားကြီးသော ရန်သူကိုတိုက်ထုတ်နိုင်ရန်အတွက် တော်လှန်ရေးတွင်ပါဝင်လာကြရန် တိုက်တွန်းကြောင်း မိန့်ခွန်းတွင် ရေးသားထားသည်။

စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် အုပ်ချုပ်ရေးအာဏာကို တရားဝင်ရရှိရန်အတွက် ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရန် ကြိုးစားလုပ်ဆောင်နေရာတွင်လည်း ပြည်သူများအနေဖြင့် ပံ့ပိုးပါဝင်ခြင်း မပြုလုပ်ရန်လိုအပ်ကြောင်း ပါဝင်သည်။

စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင်အင်အားထပ်မံတိုးချဲ့ရန်အတွက် လူမျိုးနှင့် နေရာဒေသအပေါ်အခြေခံကာ ပြည်သူ့စစ်များ အတင်းအဓမ္မလိုက်လံဖွဲ့စည်းနေခြင်းမှာ ပြည်သူအချင်းချင်းကြား ပဋိပက္ခများ ဖြစ်ပေါ်လာရန် ရည်ရွယ်ချက်ရှိရှိဖြင့် လိုက်လံပြုလုပ်နေသောကြောင့် ပါဝင်ပတ်သတ်ခြင်း မပြုလုပ်ကြရန် သတိပေးလိုက်သည်ဟု ထည့်သွင်းရေးသားထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ