ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းထိုးလာသောကြောင့် ယနေ့ နံနက် ငါးနာရီအချိန်ခန့်က ဒေသခံတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဒေသခံအချို့ ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။

ရေဦးမြို့တိုင်းရင်းဆေးရုံတွင် စခန်းချနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အားတစ်ရာခန့်က ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာကာ သဲကုန်းကြီးကျေးရွာနှင့် မရမ်းအင်းကျေးရွာမှ ဒေသခံငါးဦးခန့်ကို ဖမ်းဆီးထားကြောင်း Khin U Local People Defence Force ၏ ပြန်ကြားရေးတာဝန်ခံက The 74 Media ကိုပြောသည်။

“ဒီနေ့မနက်ပိုင်း ၅ နာရီလောက်ကနေ ရေဦးကနေစထွက်လာတာ၊ ရွာသစ်ရွာနဲ့ မူးသာရွာကြားကဖြတ်ပြီးတော့ မရမ်းအင်းကျေးရွာကနေတစ်ဆင့်သဲကုန်းကြီးကျေးရွာကိုရောက်လာတယ်။ အခုသဲကုန်းရွာမှာ တပ်စွဲအိပ်မှာ။ မရမ်းကုန်းရွာနဲ့သဲကုန်းရွာက ကြားသိရသလောက်တော့ ငါးယောက်ဖမ်းထားတယ်တဲ့။ အတိအကျတော့မသိရသေးဘူး။ ဖမ်းခံထားရသူတွေမှာ လင်မယားတွေလည်းပါတယ်လို့ကြားရတယ်” ဟုပြောသည်။

အဆိုပါစစ်ကြောင်းသည် သဲကုန်းကြီးကျေးရွာကို မီးရှို့ဖျက်ဆီးနေပြီး အဆိုပါကျေးရွာတွင်စခန်းချနေထိုင်နေကြောင်း သူကပြောသည်။

“ကျွန်တော်တို့ ဒရုန်းကနေ တွေ့ရသလောက်တော့ သဲကုန်းရွာက အိမ်ငါးအိမ်လောက်ကို မီးရှို့နေတာတွေ့ရတယ်။ သူတို့လည်းရှိနေတော့ကျွန်တော်တို့လည်းသွားကြည့်လို့မရသေးဘူး။ အတိအကျဘာမှမသိရသေးဘူး” ဟုပြောသည်။

စစ်ကောင်စီစစ်ကြောင်းကြောင့် ခင်ဦးမြို့နယ်အတွင်းက ကျေးရွာ ၂၁ ရွာမှ ဒေသခံပြည်သူ တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

ရေဦးမြို့နှင့် ခင်ဦးမြို့သည် ၁၅ မိုင်ခန့်ကွာဝေးသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ရက်နေ့ကလည်း ရေဦးတိုင်းရင်းဆေးရုံမှထွက်လာသည့် အင်အား တစ်ရာကျော်ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းသည် စစ်ရှောင်အမျိုးသား သုံးဦးကိုသတ်ဖြတ်သွားပြီး သာဝတ္ထိကျေးရွာနှင့် ကလုံကျေးရွာမှ အိမ်ခြေ ၁၈၀ ကျော်ကိုမီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – Khin U Local People Defence Force

သင့်ထင်မြင်ချက်ရေးပေးပါ