တော်လှန်ရေးတပ်များကထိန်းချုပ်ထားသည့် ကောလင်းမြို့ကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာသောကြောင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းများခွဲကာ ဝင်ရောက်လာခြင်းဖြစ်ပြီး ဆီဆုံကျေးရွာနှင့် ညောင်ပင်သာကျေးရွာအနီးတွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၃ ရက်နေ့မှစတင်ကာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ဒီနေ့လည်းထိတွေ့မှုရှိတယ်။ မနေ့ကလည်း ထိတွေ့မှုရှိတယ်။ ခုလောလောဆယ်အထိတော့ လေကြောင်းက မလာသေးဘူး။ အခုက သူတို့ထိုးစစ်ကိုဗျ” ဟုဆိုသည်။

စုစုပေါင်း အင်အား ၄၀၀ ခန့်ပါရှိသည့် စစ်ကောင်စီ စစ်ကြောင်းများက ဝန်းသိုမြို့ မြောက်ဘက်ခြမ်းနှင့် ကန့်ဘလူမြို့ ကိုးတောင်ဘို့တို့မှ ဝင်ရောက်လာခြင်းဖြစ်ပြီး စစ်ရေးအခြေအနေတင်းမာလျက်ရှိကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ကောလင်းဘက်စကစတွေစစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်နေတာဟုတ်ပါတယ်။ အခြေကနေကတော့ စကစ(စစ်ကောင်စီ)တွေရှေ့မတိုးနိုင်ပါဘူး၊ တိုက်ပွဲက ဒီနေ့လည်းဖြစ်နေပါတယ်။ စကစတွေမြို့ပေါ်မရောက်လာနိုင်သေးဘူး” ဟုပြောသည်။

အဆိုပါစစ်ကြောင်းတွင် ကန့်ဘလူမြို့အမြောက်တပ်ရင်း – ၆၀၀၆ တွင် နယ်မြေကျွမ်းကျင်ရန်အတွက်ဟုဆိုကာ လေးရက်ကြာသင်တန်းယူထားသူများကို MI 17 ရဟတ်ယာဉ်ဖြင့် အကြိမ်ရေ ၃၀ ထက်မနည်း လာရောက်ပို့ဆောင်သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အခြားတစ်ဦးက ပြောသည်။

“သူတို့တပ်ရင်းနှစ်ခုကိုခွပြီး ညှပ်တိုက်မဲ့သဘောရှိတယ်။ အခုလောလောဆယ် ကောလင်းဘက်ကို ထိုးနေတဲ့ စစ်ကောင်စီတွေက အားလုံးကန့်ဘလူသင်တန်းဆင်းတဲ့သူတွေပဲ” ဟုပြောသည်။

ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်မှ ထွက်လာသောစစ်ကြောင်းမှာ လက်ရှိ ကောလင်းမြို့တောင်ဘက် လှည်းပွဲကျေးရွာနှင့် သရက်ခုံကျေးရွာတို့တွင်ရောက်ရှိနေပြီး ဝန်းသို့မြို့နယ်မှ ထွက်လာသော စစ်ကြောင်းမှာ ကောလင်းမြို့နယ်၊ ဇီးဖြူပင်ကျေးရွာနှင့် အောင်ချမ်းသာကျေးရွာတို့တွင် ရောက်ရှိကြောင်း သိရသည်။

ကောလင်းမြို့ကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ခြောက်ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်နိုင်ရန် နည်းမျိုးစုံဖြင့် ကြိုးစားနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထံက သိရသည်။

သတင်း – Dureng, Thu Ta

ဓာတ်ပုံ – ပုံဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ