တိုက်ပွဲဖြစ်ပွားနေချိန် ဓာတ်တိုင်ကို လက်နက်ကြီးကျည်ထိမှန်ခဲ့သောကြောင့် ဖားကန့်မြို့နယ်တွင် ယမန်နေ့မှစတင်ကာ လျှပ်စစ်မီးပြတ်တောက်မှုများရှိနေကြောင်း သိရသည်။

လုံခြုံရေးအခြေကြောင့် သွားရောက်စစ်ဆေးနိုင်ခြင်းမရှိသေးသော်လည်း ကေဗွီလိုင်းမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက်က နန့်တိန်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားနေချိန်မှစတင်ကာ လျှပ်စစ်မီးပြတ်တောက်ခဲ့သည်ဟု လျှပ်စစ်ဝန်ထမ်းတစ်ဦးက The 74 Media ကိုပြောသည်။

“၆၆ ကေဗွီ လိုင်း error (ချို့ယွင်းမှု) ဖြစ်တာက နန့်တိန်နားတစ်ဝိုက်ဖြစ်ဖို့များတယ်။ တိုက်ပွဲဖြစ်တာနဲ့ ဓာတ်အားလိုင်းပြတ်တောက်တဲ့အချိန်က တစ်ချိန်တည်းဖြစ်နေတော့လေ။ အခြေနေငြိမ်တာနဲ့ သွားပြင်ဖို့စီစဉ်နေကြပါတယ်” ဟုပြောသည်။

လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများကလည်း မီးပြန်လည်ရရှိနိုင်ရေးအတွက် လုံခြုံရေးကိစ္စရပ်များကို သွားရောက်ညှိနှိုင်းနေပြီး အမြန်ဆုံးလျှပ်စစ်မီးရရှိနိုင်ရန် ကြိုးစားနေကြောင်း သူကဆက်ပြောသည်။

လက်ရှိအချိန်တွင် ဖားကန့်မြို့နယ်အတွင်း အချိန်အကန့်အသတ်ဖြင့် လျှပ်စစ်မီးပေးဝေနေပြီး မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“အနည်းဆုံးသုံးရက်လောက် မီးပြတ်မယ်လို့ကြားထားတယ်။ တစ်နေရာနဲ့တစ်နေရာကို နာရီပိုင်းပဲပေးနေတာ ဟုတ်တယ်။ ကျွန်တော်တို့ဘက်မှာတော့ မီတာခဆောင်စရာမလိုဘူး။ ပုံမှန်မီးရနိုင်ဖို့ဆိုတာတော့ မဖြစ်နိုင်သေးဘူး” ဟုပြောသည်။

ဖားကန့်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးအခြေအနေ တင်းမာလျက်ရှိပြီး ယမန်နေ့ကလည်း နန့်တိန်ကျေးရွာသို့ ချီတက်လာသော စစ်ကောင်စီစစ်ကြောင်းကို KIA က ကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့ နန့်တိန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ် (KIA) က သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးနေသည့် ရုပ်အလောင်းနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ