ကရင်နီပြည်နယ်၊ ဒီမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်စာသင်ကျောင်းတစ်ခုကို ယနေ့ နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဆယ်ကျော်သက်အရွယ် ကလေးငယ် ၄ ဦးသေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရသည်။

ဒီမော့ဆိုအနောက်ခြမ်း မြလယ်ကျေးရွာအုပ်စုရှိ တောစရိတ်ကျေးရွာ စစ်ဘေးရှောင်စာသင်ကျောင်းကို လေကြောင်းမှ ရှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု စစ်ရှောင်များကို ကူညီနေသည့် အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“အနောက်ဘက်ခြမ်းမှာ ဘာတိုက်ပွဲမှမရှိဘူး။ ဘာပစ်ခတ်မှုမှမရှိဘူး။ အဲ့နေရာတွေမှာတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နေရာတွေ၊ တည်နေရာတွေ ဘာတစ်ခုမှမရှိဘူး။ အဲ့ရွာမှာစာသင်ကြားနေတဲ့ စစ်ရှောင်ကလေးတွေ ရွာခံတွေပဲ ရှိတယ်။ လေယာဉ်က ဝိုက်ပြန်တာမရှိဘဲ တည့်တည့်လာပစ်ချသွားတယ်။ ရှောင်နိုင်တဲ့အချိန်မရှိဘူး။ ဒီလိုတိုက်ရိုက်ထိုးဆင်းပြီးတော့လာကြဲချသွားတာ။ တမင်သက်သက်ဒီကောင်တွေလုပ်သွားတာ” ဟုပြောသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၁၀ နှစ်မှ ၁၃ နှစ်ကြားအရွယ်ရှိ ယောင်္ကျားလေး လေးဦးသေဆုံးခဲ့ခြင်းဖြစ်ပြီး အဆိုပါကျေးရွာတွင် စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒီးမော့ဆိုဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“နေ့လည်ထမင်းစားချိန်မတိုင်ခင် လေယာဉ်ကလာတာပဲ။ အကြိမ်အရေအတွက်က အတော်များလို့ မမှတ်ထားမိဘူး။ စာသင်ကျောင်း နှစ်ကျောင်းလောက်ကို လာကြဲသွားတယ်။ ဒါကသိရသလောက်ပါ၊ အထိအခိုက်အတော်များတယ်။ အတိအကျတော့ မပြောတတ်ဘူး၊ ထိခိုက်သေဆုံးတာရှိပါတယ်” ဟုပြောသည်။

ထိခိုက်ဒဏ်ရာရရှိထားသည့် ကလေး ၁၀ ဦးမှာလည်း လက်ရှိအချိန်တွင် ဆေးကုသမှုခံယူနေပြီး ကျောင်းတည့်တည့်တွင် ဗုံးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု KNDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

“ပေါင်ငါးရာဗုံးနဲ့ ကျောင်းတည့်တည့်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကျောင်းမှာစာသင်နေတဲ့ ကလေး လေးဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီးတော့ ဆယ်ဦး ဒဏ်ရာ ရခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရခဲ့တဲ့သူတွေကို ကျွန်တော်တို့ အခု ဆေးကုသမှုတွေပေးနေတာဖြစ်ပါတယ်” ဟုဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်တွင် စစ်ကောင်စီ၏ လေကြောင်းမှပစ်ခတ်တိုက်ခိုက်မှုကြောင့် သုံးနှစ်တာကာလအတွင်း စစ်ရှောင်ပြည်သူ ၁၄၉ ဦးသေဆုံးရကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ၏ စာရင်းများအရသိရသည်။

ထို့အပြင် လူဦးရေ လေးသိန်းခွဲခန့်ရှိသည့် ကရင်နီပြည်တွင် သုံးသိန်းခန့်မှာ စစ်ဘေးတိမ်းရှောင်နေရသည်။

သတင်း – Thu Ta, Pansoon, Doi Awng

ဓါတ်ပုံ – JOBS For Kayah

သင့်ထင်မြင်ချက်ရေးပေးပါ