ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က အထိအခိုက်အကျအဆုံးများသောကြောင့် ပြန်လည်တပ်ဆုတ်ကာ ထွက်ပြေးသွားကြောင်းသိရသည်။

စစ်ကောင်စီနှင့် ရှမ်းနီအမျိုးသားများတပ် (SNA) ပူးပေါင်းတပ်က ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့ ဝင်ရောက်လာပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပြန်လည်ဆုတ်ခွာသွားသောကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က မြို့ကိုအပြည့်အဝပြန်လည်ထိန်းချုပ်ထားပြီဟု တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေ ပြန်ဆုတ်သွားကြပါပြီ။ မြို့ကို ကျွန်တော်တို့ဖက်က အပြည့်အဝ ပြန်လည်ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။ သူတို့(စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့) မြို့ကို ဝိုင်းထားတဲ့ အနေအထားပါ။ မြို့ကိုပြန်သိမ်းဖို့ အင်အား ၆၀၀ လောက်ပြင်ဆင်လာတာလို့ ဒေသခံတွေဆီက ကြားရပါတယ်” ဟုပြောသည်။

၁၀ ရက်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီပူးပေါင်းတပ်က ပြန်လည်ဆုတ်ခွာသွားပြီး ၎င်းတို့တပ်စွဲခဲ့သောနေရာများတွင် မြုပ်နှံထားသော စစ်ကောင်စီရုပ်အလောင်း ၁၅ လောင်းထက်မနည်းရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄၀ ခန့်ရှိကြောင်း Homalin People’s Defence Force – HPDF က ယမန်နေ့ညက သတင်းထုတ်ပြန်ခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီပူးပေါင်းစစ်ကြောင်းသည် အထိခိုက်သေဆုံးမှုများကြောင့် ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“မနိုင်တော့လို့ဆုတ်သွားတာပေါ့။ အဓိကကတော့ သူတို့အထိခိုက်များသွားလို့ပေါ့။ အခုကတော့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ထိန်းချုပ်ထားနိုင်ပါတယ်။ အရင်ပုံစံအတိုင်းပါပဲ သူတို့စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်သွားတာပဲရှိတာပါ။ ကျန်တာကတော့ အကုန်ပုံမှန်အတိုင်းပါပဲ။ သူတို့မြို့အဖျားလောက်တော့ ဝင်နိုင်တယ်ပြီးတော့ ပြန်ဆုတ်သွားတာပဲ” ဟုပြောသည်။

လက်ရှိမြေပြင်တွင် နယ်မြေရှင်းလင်းရေးလုပ်ငန်း ဆက်လက်လုပ်ဆောင်နေပြီး နှစ်ဖက်အထိခိုက် အကျအဆုံးနှင့်ပတ်သက်ပြီး အခြေအနေအတိကျမသိရသေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း – Dureng

ဓာတ်ပုံ – Homalin People’s Defence Force – HPDF FB Page

 

သင့်ထင်မြင်ချက်ရေးပေးပါ