ဆိုင်ကယ်ချင်းယာဉ်တိုက်မှုဖြစ်ပြီးနောက် အသက်နှစ်နှစ်အရွယ် ကလေးဖြစ်သူကို အခင်းဖြစ်နေရာတွင် ချန်ထားကာထွက်ပြေးသွားသည့်ဖြစ်စဉ် ယနေ့ညနေ ၆ နာရီအချိန်ခန့်က ဗန်းမော်မြို့တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့ အ.ထ.က (၂) ကျောင်းအနောက်ရှိ လမ်းကြားတွင် ဆိုင်ကယ်ချင်းယာဉ်တိုက်မှုဖြစ်ပြီးနောက် ကလေးကို ချန်ထားခဲ့သည့်ဟု သုညသုခပရဟိသလူငယ်အသင်းတာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

‘’အမျိုးသားက ယာဉ်တိုက်မှုဖြစ်တော့ကလေးကိုထားခဲ့ပြီးထွက်ပြေးသွားတယ်။ ကလေးကိုတော့အဲ့ပတ်ဝန်းကျင်ကသနားပြီးပွေ့ချီထားတာ၊ အခုတော့ဗန်းမော်ဆေးရုံကြီးမှာပို့ထားတယ်။ ဆရာဝန်ကတစ်ညဆေးရုံတက်ရမယ်ပြောထားတယ်” ဟုပြောသည်။

ကလေးကိုချန်ကာထွက်ပြေးသွားသည့် အမျိုးသားသည် ကလေး၏ဖခင်ဖြစ်ကြောင်း ပတ်ဝန်းကျင်ကပြောဆိုနေသည်ဟု သူကဆိုသည်။

ယာဉ်တိုက်မှုဖြစ်သည့်နေရာတွင် ကျန်ခဲ့သည့်ကလေးသူငယ်သည် နဖူးတွင်ထိခိုက်ဒဏ်ရာရရှိထားပြီး အဖွားတော်စပ်သူနှင့် အဆက်အသွယ်ရရှိထားပြီဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်ချင်းယာဉ်တိုက်မှုတွင် တိုက်ခံရသည့် အသက် ၃၀ ကျော်အရွယ်အမျိုးသားမှာ ခြေထောက်ထိခိုက်ဒဏ်ရာရရှိထားပြီး ဗန်းမော်ဆေးရုံကြီးကို ပို့ဆောင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်တွင် လမ်းလယ်ကျွန်းကိုတိုက်ကာ အိမ်စီးကားတစ်စီးတိမ်းမှောက်သွားပြီး ကားပေါ်စီးနင်းလိုက်ပါသူများထွက်ပြေးသွားကြောင်း သိရသည်။

သတင်း – Doi Awng

ဓါတ်ပုံ – သုညသုခ ပရဟိသလူငယ်အသင်း

သင့်ထင်မြင်ချက်ရေးပေးပါ