ဧရာဝတီမြစ်ထဲစီးဝင်နေသည့် တန်ဖရဲချောင်းဆုံတစ်လျှောက် ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများ၏ခွင့်ပြုချက်ဖြင့် ယခုလဆန်းပိုင်းမှ စတင်ကာ စက်ယန္တယားကြီးများဖြင့် ရွှေတူးဖော်ရန် ပြင်ဆင်နေကြောင်းဒေသခံများထံမှသိရသည်။

စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်ရန်ပြင်ဆင်နေမှုကို ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းတွင် ပြုလုပ်ခဲ့သည့် တန်ဖရဲကျေးရွာဒေသခံများနှင့် ဘာသာပေါင်းစုံခေါင်းဆောင်များပါဝင်သည့် အစည်းအဝေးတွင် ကန့်ကွက်ခဲ့ကြောင်း ရပ်မိရပ်ဖတစ်ဦးက The 74 Media ကို ပြောသည်။

“ရွှေတူးတဲ့ကုမ္ပဏီက အဲ့ဒီနေရာမှာတူးစားချင်လို့ အုပ်ချုပ်ရေးမှူးကနေတဆင့် ဒေသခံတွေနဲ့ KBC၊ RC၊ ဗုဒ္ဓ၊ AG အသင်းတော်က ဘာသာရေးဆရာတွေ ရပ်မိရပ်ဖတွေ အကုန်လုံးကိုခေါ်ပြီး အစည်းအဝေးလုပ်တယ်။ အဲ့ဒီအစည်းအဝေးမှာ အကုန်လုံးက ဒီတန်ဖရဲချောင်းဆုံက သမိုင်းဝင်နေရာဖြစ်တဲ့အတွက်ကြောင့် ရွှေတူးဖို့ သဘောမတူဘူးလို့ ပြောထားပြီးသားပါ။ အဲ့ဒါကို ကျေးရွာအုပ်ချုပ်ရေးမှူးက နည်းလမ်းအမျိုးမျိုးရှားပြီး တူးဖို့ပြင်ဆင်နေတာပါ” ဟု ပြောသည်။

ဒေသခံများ၏သဘောတူညီမှုရရှိပါက ကချင်လွတ်မြောက်ရေးတပ် (KIA) က တူးဖော်ရန် ခွင့်ပြုသောကြောင့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများက ဒေသခံများကို ကိုယ်စားပြုသည်ဟုဆိုကာ ၎င်းတို့အုပ်ချုပ်ရေးပိုင်းက လက်မှတ်ရေးထိုးတင်ပြခဲ့ခြင်းကြောင်း ဆက်ပြောသည်။

“ရွာရဲ့အုပ်ချုပ်ရေး တာဝန်ရှိတဲ့သူတွေပေါ့။ နယ်မြေမှူး၊ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတွေကိုခေါ်ပြီး ဆွေးနွေးတယ်လို့တော့ ကြားတယ်။ ရွာထဲမှာ လိုအပ်တဲ့အရာတွေကို လုပ်ပေးမယ်လို့ ဆွေးနွေးယူပြီး ရပ်ကွက်လူကြီးတွေကို လက်မှတ်ထိုးခိုင်းပြီးတော့ အသင်းတော်နဲ့ ဒေသခံတွေ သဘောတူပါတယ်၊ ကိုယ်စားပြုပါတယ်ဆိုပြီး KIA ဆီ စာတင်တော့ ခွင့်ပြုလိုက်တာပေါ့” ဟု ပြောသည်။

တန်ဖရဲချောင်းဆုံအထက်ဘက်မှ သဲကျောက်တူးဖော်ရန် KIA က ခွင့်ပြုထားပြီး ရွှေတူးရန် ပြင်ဆင်နေခြင်းမဟုတ်ကြောင်း တန်ဖရဲကျေးရွာ အုပ်ချုပ်ရေးမှူးကပြောသည်။

“ရွှေတူးဖို့ မဟုတ်ပါဘူး၊ အဲ့ဒီနေရာ သဲကျောက်ထုတ်ပြီးတော့ အောင်မြင်သာရွာရဲ့ သင်္ချိုင်းလမ်းက တောင်တက်တောင်ဆင်းဆိုတော့ သွားလာရခက်ခဲတယ်။ အဲ့ဒီလမ်းပြင်ဖို့ရယ်၊ ပြီးတော့ တန်ဖရဲရွာကနေ မလိခမြစ်ဆိပ်သွားတဲ့လမ်း မရှိတော့ လမ်းဖောက်ဖို့ရယ်။ ပြီးတော့ ရွာထဲက လမ်းနှစ်ခု သဲကျောက်ခင်းဖို့ပါ။ အခုတောင် မတူးရသေးဘူး အဲ့ဒါတူးဖို့ KIA က ခွင့်ပြုတာပါ။ ရွာသားတွေ သဘောတူညီချက်နဲ့ လုပ်တာပါ။ ရွှေတူးဖို့ မဟုတ်ပါဘူး” ဟု ပြောသည်။

တန်ဖရဲချောင်းဆုံကို သမိုင်းဝင်နေရာတစ်ခုအဖြစ် ထိန်းသိမ်းထားပြီး ရွှေတူးဖော်ပါက ဒေသခံများက ကန့်ကွက်မည်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အခုမှ ရွာလာနေတဲ့သူက သိမှာမဟုတ်ပါဘူး၊ ဒီချောင်းဆုံကို အရင်ကတည်း သမိုင်းဝင်နေရာတစ်ခုအဖြစ် ထိန်းသိမ်းလာခဲ့တဲ့အတိုင်း ဆက်လက်ပြီးတော့ ထိန်းသိမ်းသွားမှာပါ။ ဒီချောင်းရှိလို့ တန်ဖရဲရွာဆိုတာ ရှိလာတာပါ။ တကယ်လို့ အဲ့ဒီနေရာမှာ ရွှေတူးပြီဆိုတာနဲ့ ရွာကို တူးနေတာပဲ။ အဲ့ဒါကြောင့် ရွှေတူးဖို့ ပြင်ဆင်နေတာကို ဆက်လက်ပြီး ကန့်ကွက်နေမှာပါ” ဟု ပြောသည်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကြောင့် တန်ဖရဲကျေးရွာ ဒေသခံများ ၂၀၁၀ ခုနှစ်က နေရပ်စွန့်ခွာကာ အောင်မြင်သာကျေးရွာသို့ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း တန်ဖရဲချောင်းဆုံတွင်သာမက မြစ်ဆုံအနီးပတ်ဝန်းကျင်တွင် အကြီးစားရွှေတူးဖော်မှုများလုပ်ဆောင်နေသောကြောင့် ဒေသခံများကန့်ကွက်မှုများရှိခဲ့သည်။

သတင်း – Pan Soon

ဓာတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ