ဖားကန့်မြို့ မှော်စီစာကျေးရွာတွင် ယမန်နေ့ နေ့လည် ၁ နာရီခန့်က အချင်းချင်းစကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထမင်းစားမစောင့်သောကြောင့်ဟုဆို‌ကာ စကားများရန်ဖြစ်ကြရာမှ ဓားထိုးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက The 74 Media ကိုပြောသည်။

“ထမင်းအရင်စားလိုက်လို့ ဓားနဲ့ထိုးလိုက်တာတဲ့။ လက်ရှိအချိန်ထိတော့ ဖားကန့်ဆေးရုံကြီးမှာပါ။ လူနာအခြေနေ စိုးရိမ်ရတယ်” ဟုပြောသည်။

မှော်စီစာကျေးရွာရှိ ရွှေညောင်ပင်ဓာတ်ဆီဆိုင်အနီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာရရှိခဲ့ကြောင်း (၂၃)နှစ်ခန့်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“သူငယ်ချင်း အချင်းချင်းဖြစ်တာလို့ပြောတယ်။ အဲ့နားတဝိုက်က ဆေးသမားတွေပဲ ဟုတ်တယ်။ သွေးတွေကတော့ အင်္ကျီတစ်ခုလုံးပေါ်စိုရွဲနေတာ” ဟုပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူမှာ အသက် (၃၆ ) နှစ်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး နတ်ကြီးစင်ကုန်းတွင်နေထိုင်သူဖြစ်ကြောင်း သူကပြောသည်။

ဓားထိုးမှုကျူးလွန်ခဲ့သူကို သက်ဆိုင်ရာတာဝန်ရှိသူများက ဖမ်းဆီးသွားကြောင်း သိရသည်။

ဖားကန့်မြို့ မှော်ဝမ်းကျေးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်နေ့ကလည်း ခွေးဟောင်ရာမှ စကားများရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်ပွားခဲ့သဖြင့် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

သတင်း – Peti

သင့်ထင်မြင်ချက်ရေးပေးပါ