ကန့်ဘလူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းမှပစ်ခတ်ခဲ့သောကြောင့် ဘုန်းကြီးတစ်ပါးအပါအဝင် ဒေသခံရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စေတီပုထိုးများထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လေကြောင်းမှ ငါးကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကျေးရွာခြောက်ရွာမှ ဘုန်ကြီးကျောင်း၊ စေတီ၊ ဘုရားဆင်းတုတော်နှင့် နေအိမ်များပျက်စီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Mediaကို ပြောသည်။

“မကျီးကုန်းမှာကျတာကတော့ နေအိမ်တွေပျက်စီးသွားတယ်။ သင်တောမှာက ပြည်သူတွေ ထိခိုက်ဒဏ်ရာရတယ်၊ ပြီးတော့ ဘုန်းကြီးကျောင်းလည်း ပြိုကျပျက်စီးသွားပြီး ဘုရားစေတီတွေလည်း ထိခိုက်ပျက်စီးသွားတယ်။ ဇီးကုန်းမှာလည်း ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းကြား ချသွားတာ စာကြည့်တိုက်ပျက်စီးသွားတယ်” ဟုပြောသည်။

လေကြောင်းပစ်ခတ်မှုကြောင့် သင်တောကျေးရွာ၊ ဇော်ချောင်းကျေးရွာ၊ ဇီးကုန်းကျေးရွာ၊ ပင့်သာကျေးရွာ၊ ညောင်ကုန်းကျေးရွာနှင့် မကျီးကုန်းကျေးရွာတို့မှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သူများတွင် သင်တောကျေးရွာမှ ဘုန်းကြီးတစ်ပါး၊ ကပ္ပိယတစ်ဦး၊ အသက် ၈၁ နှစ်ခန့်အရွယ်ရှိ အဖွားတစ်ဦးနှင့် အသက် ၇၈ နှစ်ခန့်အရွယ်ရှိ အဖိုတစ်ဦးနှင့် ဘုန်းကြီးကျောင်းတွင် လာရောက်ဆော့ကစားနေသည့် ကလေးငယ်လည်းပါဝင်ပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ကပြောသည်။

“ထိခိုက်မှုတွေတော့ရှိပါတယ်၊ အသက်အန္တရာယ်တော့ မရှိပါဘူးဗျာ။ ပြည်သူတွေတော့ အကုန်ရှောင်နေကြပါတယ်။ ဇီးကုန်းရွာမှာက အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရတယ်။ ဗုံးသီးနှစ်လုံး မကွဲလို့ ပြည်သူတွေ အထိအခိုက်သက်သာသွားတာ” ဟုပြောသည်။

လေကြောင်းမှပစ်ခတ်ခံခဲ့ရသည့် ကျေးရွာများမှာ ကန့်ဘလူမြို့မှ ကိုးတောင်ဘို့တိုက်နယ်၊ ချပ်သင်းတိုက်နယ်နှင့် ပင့်သာတိုက်နယ်သို့သွားသော ကားလမ်းပေါ်တွင်တည်ရှိပြီး စစ်ကောင်စီတပ်က ယာဉ်တန်းလာရန် လမ်းကြောင်းရှင်းလင်းရေးလုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

“ပထမဦးဆုံး သူတို့(စစ်ကောင်စီ) ကျွန်းလှဘက်လာတဲ့ ကားတစ်စီးကိုတော့ ကျွန်တော်တို့ မိုင်းဆွဲလိုက်နိုင်တယ်။ အတွင်းသတင်းရတာတော့ မိုင်းရှင်းတာလို့ပြောတယ်။ ကန့်ဘလူမှာ သင်တန်းတက်ခဲ့တဲ့ အင်အား ၉၀၀ လောက်ရှိတဲ့ ကစကနဲ့ ပျူတွေကို ကိုးတောင်ဘို့နဲ့ ဝန်းသိုကိုခွဲပို့တယ်လို့ ကြားတယ်။ သင်တန်းကတော့ လေးရက်ပေးတာ ထောင်သားတွေလည်းပါတယ်လို့ကြားတယ်” ဟုပြောသည်။

ဝန်းသိုမြို့နယ်၊ ကောလင်းမြို့နယ်၊ ကျွန်းလှမြို့နယ်နှင့် ကန့်ဘလူမြို့နယ်တို့တွင် စစ်ကောင်စီတပ်က လေကြောင်းမှ စစ်ဆင်ရေးအရှိန်မြှင့်တင်မည်ဟု တပ်တွင်းသတင်းများထွက်ပေါ်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။

ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က စစ်ကောင်စီတပ်က လေကြောင်းမှတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ ၈၀ ဦးထက်မနည်းသေဆုံးခဲ့သည်။

သတင်း – Dureng

ဓာတ်ပုံ – ကျွန်းလှတက်ကြွလှုပ်ရှားရေးအဖွဲ့FB Page

သင့်ထင်မြင်ချက်ရေးပေးပါ