ဖားကန့်မြို့၊ လုံးခင်းကျေးရွာရှိ နှစ်မျက်နှာဘုရားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အခြားနေရာသို့ ပြောင်းရွှေ့သွားပြီဖြစ်ကြောင်း သိရသည်။

နှစ်မျက်နှာဘုရားတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီးနောက် ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်နေ့က လယ်ပြင်ဂိတ်သို့ ပြောင်းရွှေ့သွားခြင်းဖြစ်သည်ဟု လုံးခင်းဒေသခံ ကျောင်းပွဲစားတစ်ဦးက The 74 Media ကိုပြောသည်။

“အရင်ကဆိုလိုင်းကာတွေ ဂိတ်ကြေးပေးရတယ်။ လက်နက်ကြီးကျလာပြီးနောက်ပိုင်း မတွေ့ရတော့ဘူး။ အဲ့မှာက စစ်သားအင်အား ၂၀ ဝန်းကျင်လောက်ပဲရှိမယ်” ဟုပြောသည်။

လုံးခင်းကျေးရွာရှိ နှစ်မျက်နှာဘုရားအနီးတွင် ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်နေ့က လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွှေ့ပြောင်းသွားခြင်းနှင့်ပတ်သက်ပြီး အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ဖားကန့်မြို့နယ်ရှိ KIA တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“အရင်တစ်ခေါက်လည်း ထွက်ပြေးသွားကြပြီလို့ပြောပြီး ပြန်ရှိနေကြတာဟုတ်တယ်။ ဒီတစ်ခါလည်း ကြား‌တော့ကြားနေရတယ် ဒါပေမဲ့မသေချာသေးဘူး အတည်မပြုနိုင်သေးဘူး” ဟုပြောသည်။

နှစ်မျက်နှာဘုရားမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခင်းကျေးရွာအုပ်စု လယ်ပြင်ဂိတ်အနီးရှိ စစ်ကောင်စီတပ်စခန်းသို့ ပြောင်းရွှေ့လာသောကြောင့် တိုက်ပွဲဖြစ်ပွားလာမည်ကိုစိုးရိမ်သည်ဟု လယ်ပြင်ကျေးရွာနေ ဒေသခံပြည်သူတစ်ဦးက ပြောသည်။

“နှစ်မျက်နှာဘုရားမှာ ဂိတ်ကြေးကောက်တဲ့သူကို လုံးခင်းအထွက်ဂိတ်မှာ တွေ့လိုက်တယ်။ အခုကြားနေရတာက လုံးခင်းဘက်တိုက်ပွဲဖြစ်မယ်ပေါ့။ တချို့ဆိုရိက္ခာတွေ ဝယ်စုနေကြပြီ” ဟုပြောသည်။

ဖားကန့်မြိုနယ်၊ ကားမိုင်းမြို့အနီးရှိ နန့်ဟိုင်ကျေးရွာ တာဝါတိုင်ကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခ.မ.ရ (၁၄၄) တပ်ဖွဲဝင်များက ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့က စခန်းစွန့်ခွာ ထွက်ပြေးသွားသောကြောင့် ကချင်လွတ်မြောက်ရေးတပ် (KIA) က နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့သည်။

သတင်း – Pe Ti, Zami

သင့်ထင်မြင်ချက်ရေးပေးပါ